ထားဝယ်မြို့တွင် လမ်းဘေးဈေးဆိုင်များ အလစ်သုတ်ခံရမှု ဆက်တိုက်ဖြစ်လာကြောင်း အလစ်သုတ်ခံရသူများထံမှ စုံစမ်းသိရသည်။
မတ်လ ၁၉ ရက်က ထားဝယ်မြို့ တလိုင်းမရပ်ကွက်ရှိ အသုပ်ဆိုင်တစ်ဆိုင်တွင် ဈေးဝယ်သူဟန်ဆောင်ပြီး စျေးရောင်းသူ အလစ်တွင် ပိုက်ဆံအိတ်အတွင်းမှ ငါးထောင်တန် ငွေစက္ကူများကို နှိုက်ယူသွားကြောင် စျေးဆိုင်နှင့်နီးစပ်သူက လူမှူကွန်ရက်တွင် မျှဝေထားသည်။
အလစ်သုတ်ခံရသည်မှာ ဟုတ်မှန်ကြောင်း စျေးသည်က Dawei Watch မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပြီး ဆိုင်တွင် စျေးဝယ်သူများ ရှိနေသည့်အပြင် ဖြစ်စဉ်အသေးစိတ်ကိုမူ ပြောဆိုခြင်း မရှိသေးပေ။
ပြီးခဲ့သည့် တစ်ပတ်ခန့်ကလည်း လောင်းလုံးမြို့နယ် သောကြာပြင်ဈေးရှိ စျေးဆိုင်တစ်ဆိုင်နှင့် လမ်းဘေးဈေးဆိုင် နှစ်ဆိုင်တွင် အလစ်သုတ်ခံရကြောင်း ကိုယ်တိုင်ကြုံရသည့် ဈေးသည် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“ဆိုင်ထဲဝင်လာတယ်၊ ပစ္စည်းတွေ ကြည့်ပြီး အများကြီးယူမယ်လိုလိုနဲ့ ဟိုပစ္စည်းယူပေး၊ ဒီပစ္စည်းယူပေးလို့ ပြောတယ်။ အဲဒီပစ္စည်းသွားယူပေးနေတုန်းမှာပဲ ပိုက်ဆံအိတ်ပါသွားတယ်” ဟု အလစ်သုတ်ခံရသည့် ဈေးသည်အမျိုးသမီးက ပြောသည်။
အလစ်သုတ်သွားသူမှာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး အရပ်မြင့်မြင့် စလင်းဘတ်အိတ်လွယ်ကာ ဆိုင်ကယ်အနီရောင် စီး၍လာကြောင်း အလစ်သုတ်ခံရသည့် စျေးသည်များထံမှ သိရသည်။
ထားဝယ်မြို့ရှိ အခြားဈေးဆိုင်များ၌လည်း အမျိုးသမီးတစ်ဦး အလစ်သုတ်ခဲ့သည်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေနေကြသည်ကို တွေ့ရသည်။
ယင်းကဲ့သို့ အလစ်သုတ်ခံရမှုများလာသည့်အပေါ် တရားဥပဒေစိုးမိုးမှု မရှိသည်ကို အခွင့်ကောင်းယူ၍ ဒုစရိုက်သမားများ အတင့်ရဲလာခြင်းသာဖြစ်ကြောင်း မြို့ခံများက ဝေဖန်ကြသည်။