BREAKING
March 20, 2025

ထား၀ယ်တွင် စိတ်ဝေဒနာသည်အမျိုးသမီး ပျောက်ဆုံးပြီးခြောက်ရက်ကြာအထိ ရှာမတွေ့

March 20, 2025

ထားဝယ်တွင် စိတ်ဝေဒနာသည်အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေပြီး ခြောက်ရက်အကြာ ယနေ့ မတ်လ ၂၀ရက်အထိ ပြန်လည်ရှာမတွေ့သေးကြောင်း သမီးဖြစ်သူက ပြောသည်။

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာ ရွှေဂူတံတားအနီးနေထိုင်သည့် အသက် ၄၀ကျော်အရွယ် ဒေါ်တင်တင်ထွေးသည် မတ်လ ၁၅ရက်တွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်မ (မတ်လ) ၁၄ ရက်နေ့မှာ ထမင်းသွားပို့သေးတယ်။ နောက်နေ့ မရှိတော့ဘူး။ အခုဆိုရင် တစ်ပတ်လောက်ရှိနေပြီ” ဟု သမီးဖြစ်သူက ပြောဆိုသည်။

ဒေါ်တင်တင်ထွေးသည် စိတ်ဝေဒနာခံစားနေရသည်မှာ ၁၈ နှစ်ခန့်ရှိပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

မိသားစုနှင့်အတူ နေထိုင်ရန် ခေါ်၍မရသောကြောင့် ရွှေဂူတံတားအနီးတွင် တစ်ယောက်တည်းနေထိုင်သူဖြစ်ကြောင်း သမီးဖြစ်သူက ပြောသည်။

လက်ရှိတွင် မိသားစုဝင်များက လိုက်လံရှာဖွေနေရာ ယခင်က သွားလေ့ရှိသည့် ဆွေမျိုးများထံသို့လည်း မရောက်ဘဲ ရှာမတွေ့ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

မတ်လ ၁၇ ရက်က ထားဝယ်မြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ မောင်မယ်ရှောင်ရွာရှိ နေအိမ်သို့ ပြန်ရာတွင် ပျောက် နေသည့် ကျောင်းသားမှာမူ မတ်လ ၁၈ ရက်တွင် မိသားစုနှင့် ပြန်လည်အဆက်အသွယ်ရကြောင်း မိသားစုထံမှ သိရသည်။

ယင်းအပြင် မတ်လ ၁၉ရက် နေ့လယ်ပိုင်းတွင် ထားဝယ်မြို့၊ ဆန်းချီရပ် နေအိမ်မှ ထွက်သွားပြီးနောက် အဆက်အသွယ် မရတော့သည့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးမှာလည်း ယနေ့ နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ် အင်းဝန်းရွာအနီး၌ ပြန်လည်တွေ့ရှိကြောင်း မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။