BREAKING
March 20, 2025

မွန်တွင် စစ်ဘေးရှောင် နှစ်သောင်းခန့်အကူအညီလို

March 20, 2025

ပုံစာ - ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်သူများ (ပုံဟောင်း)

မွန်ပြည်နယ်တွင် စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူနှစ်သောင်းခန့်ရှိနေပြီး အစားအသောက်နှင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်အရေးအကူအညီပေးနေသူများထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် စစ်ကောင်စီ စစ်ကြောင်းထိုးမှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မြို့နယ် ခြောက်ခုထက် မနည်းတွင် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူ ကျိုက်ထိုမြို့နယ်တွင် ၉၀၀ ကျော်၊ ဘီးလင်းမြို့နယ်တွင် ၅၅၀၀ ကျော်၊ သထုံမြို့နယ်တွင် ၂၀၀၀ ကျော်၊ ကျိုက်မရောမြို့နယ်တွင် ၁၀၀၀ ကျော်၊ သံဖြူဇရပ်မြို့နယ်တွင် ၃၃၀၀ ကျော်နှင့် ရေးမြို့နယ်တွင် ၄၅၀၀ ကျော်ရှိကြောင်း မွန်ပြည်နယ် လူသားချင်းစာနာမှုကွန်ရက်၏အချက်အလက်များအရ သိရသည်။

ထွက်ပြေးတိမ်းရှောက်နေရသူအများစုသည် နယ်မြေအခြေအနေ မတည်ငြိမ်မှုကြောင့် နေရပ်သို့ ပြန်လာနိုင်ခြင်းမရှိသလို ဒေသအချို့တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသော်လည်း ဒေသတွင်း စစ်ကောင်စီတပ်က ဝင်ရောက်အခြေချ တပ်စွဲထားသည့်အတွက် နေရပ်မပြန်ရဲကြကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

“တချို့ဒေသမှာဆိုရင် တိုက်ပွဲကဆက်ရှိနေလို့ မပြန်နိုင်တာရှိတယ်။ တချို့ဒေသမှာဆိုရင် တိုက်ပွဲက မရှိတော့ပေမယ့် ရွာထဲမှာ ဒေသတွင်းမှာ စစ်တပ်က ဝင်ရောက်တပ်စွဲထားတဲ့အတွက် မပြန်ရဲကြတာဖြစ်တယ်” ဟု ရေးမြို့နယ်အတွင်းက စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်ရှောင်နေကြရသူများသည် အချို့မှာ လနှင့်ချီ နှစ်နှင့်ချီကြာမြင့်နေပြီဖြစ်ပြီး အချို့မှာ နှစ်နှင့်ချီ ကြာမြင့်နေပြီ ဖြစ်သဖြင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

အချိန်ကာလကြာလာသည်နှင့် စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ အကူအညီလိုအပ်လာပြီး အမိုးအကာများလည်း လိုအပ်လျက်ရှိကြောင်း မွန်ပြည်နယ် လူသားချင်းစာနာမှုကွန်ရက်က ထုတ်ပြန်ထားသည်။

“စစ်ဘေးရှောင်အများစုက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ခြံမှာ တောထဲ တောင်ထဲမှာ ရှောင်နေကြရတာရှိတယ်။ နောက် နီးစပ်ရာ ဆွေမျိုး မိတ်ဆွေတွေဆီမှာ ရှောင်နေကြတာရှိတယ်။ တချို့ကလည်း စစ်ရှောင်စခန်းလိုမျိုးပေါ့၊ အဲဒီလိုနေရာမှာ ရောက်နေ ကြတာရှိတယ်။ သူတို့အတွက်က အဓိက အစားအသောက် ရိက္ခာ လိုအပ်တယ်။ နောက် ဆေးဝါးလိုအပ်တယ်။ နောက် အဝတ်အစား၊ စောင်၊ အမိုးအကာတွေ လိုအပ်ပါတယ်။ အကူအညီကတော့ အများစုက မရကြဘူး။ စစ်ရှောင်စခန်းမှာ လိုမျိုးဆိုရင် အကူအညီ ရကြတာရှိတယ်” ဟု အဆိုပါကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရာသီဥတုကြောင့် ရာသီတုပ်ကွေးနှင့် ဝမ်းရောဂါဖြစ်ပွားသူများလည်းရှိနေသည့်အတွက် ဆေးဝါးများလည်း လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။