ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီးနောက် နေရပ်ပြန်ပို့ခံရဖူးသော မြန်မာနိုင်ငံသားတစ်ဦးသည် နေထိုင်အလုပ်လုပ်ခွင့် လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် လဝကတွင် လက်ဗွေနှိပ်ချိန် ပြစ်မှုဟောင်း ပြန်ပေါ်လာသဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အသက် ၃၇နှစ်အရွယ် ကိုမင်းထွန်းသည် စမွတ်စာခွန်ခရိုင် လဝကရုံးတွင် လက်ဗွေနှိပ်စဉ် ပြီးခဲ့သော ၂၀၂၂ ခုနှစ်က ခိုးမှုကျူးလွန်ဖူးသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) လျှောက်ထားသည့် ရွှေ့ပြောင်းအလုပ်သမားများ သည် ကျန်းမာရေးစစ်ဆေးမှုခံယူခြင်း၊ လဝကတွင် ဇီဝ အချက်အလက်ပေးသွင်းရန် လက်ဗွေနှိပ် မျက်လုံးစကင်ဖတ် ခြင်းများ ပြုလုပ်ရသည်။
ကိုမင်းထွန်းသည် အမည်ပြောင်းလဲကာ ပန်းရောင်ကတ်လျှောက်ထားခဲ့ခြင်းဖြစ်သော်လည်း လက်ဗွေနှိပ်ချိန်တွင် ယခင်ပြစ်မှုမှတ်တမ်းဟောင်း ပြန်ပေါ်လာကြောင်း သတင်းများတွင် ဖော်ပြသည်။
ကိုမင်းထွန်းကို ယခင်ပြစ်မှုကြောင့် နေရပ်ပြန်ပို့ထားပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ထိုင်းသို့ ဝင်ရောက်ခွင့် ကန့်သတ်ထားသောအချိန် ထပ်မံဝင်ရောက်လာခြင်းဖြစ်သဖြင့် မတ်လ ၁၉ ရက်တွင် လဝကရဲတပ်ဖွဲ့က ထပ်မံ ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
၎င်းကို လဝက ဥပဒေအရ အရေးယူဆောင်ရွက်ပြီးနောက် နေရပ်ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ထိုင်းတွင် တရားမဝင် နေထိုင်လုပ်ကိုင်နေသူများကို ပန်းရောင်ကတ်လျှောက်ထားခွင့်ပြုထားသော်လည်း ပြည်ဝင်ခွင့် ကန့်သတ်ထားသူများ အကျုံးမဝင်ကြောင်း စမွတ်စခွန် လဝကအဖွဲ့ဘက်က ပြောဆိုသည်။
ထိုင်းသို့ တရားမဝင် ဝင်ရောက်မှု၊ တရားမဝင် အလုပ်လုပ်ကိုင်မှုများကဲ့သို့ ပြစ်မှုကျူးလွန်သူများသည် ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်များ ချမှတ်ခံရမည်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ နေရပ်ပြန်ပို့ခံရ၍ ပြည်ဝင်ခွင့် အနည်းဆုံး ၂ နှစ် ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းသို့ ပြည်ဝင်ခွင့်ကန့်သတ်ထားသောကာလတွင် ထိုင်းသို့ ပြန်လည်ဝင်ရောက်ခွင့်မရှိဘဲ အကယ်၍ ဝင်ရောက် လာသည်ကို စစ်ဆေးတွေ့ရှိလျှင် ဖမ်းဆီးအရေးယူမည်ဟု ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို သတင်းတွင် ဖော်ပြသည်။
Ref: Joe Joe, Siamrath, Khaosod