(၁)
ထားဝယ်ဒေသဖွံ့ဖြိုးရေးကိစ္စတွေပါဝင်တဲ့ ရေနက်ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနဲ့ ရေနံချက်စက်ရုံတွေ တည်ဆောက်မယ့် စီမံကိန်းကို ရုရှားအစိုးရက တာဝန်ယူဆောင်ရွက်မယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး သတင်းထောက်တဦးက မေးမြန်းစဉ် စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက “ထားဝယ်အထူးစီးပွားရေးဇုန်ကို မထောက်ခံရင် ထားဝယ်သား မဟုတ်ဘူး” ဆိုပြီး ဖြေကြားခဲ့ပါတယ်။
ဒါက အငြင်ပွားဖွယ် Sound Bite ပါပဲ၊ လူစိတ်ဝင်စားအောင် ဒီလို တမင်ပြောတာလား- သူ့စိတ်ထဲမှာကို ဒီအတိုင်း တကယ်ရှိတာလား၊ ဒီလိုပြောဆိုချက်ကြောင့် ထားဝယ်သားတွေက ဒီစီမံကိန်းကို မဝေဖန်ရဲဘဲ ဖြစ်သွားစေမလား။
တကယ်ကတော့ ထားဝယ်သားပဲဖြစ်ဖြစ်- အခြားဂြိုဟ်ကလာတဲ့ လူသားတွေပဲဖြစ်ဖြစ် အကြောင်းအရာတခုကို အသေချာ လေ့လာစုံစမ်းပြီးမှ လက်ခံသင့်ရင် လက်ခံ၊ ကန့်ကွက်သင့်ရင် ကန့်ကွက် – ဒီလို လုပ်ကြရမယ် မဟုတ်ပါလား။
ဆိုတော့ အခု ဦးမြတ်ကိုပြောနေတဲ့ ရုရှားက တာဝန်ယူဆောင်ရွက်မယ့် စီမံကိန်းမှာ ကန့်ကွက်စရာ ဘာတွေရှိနေသလဲ၊ ထောက်ခံစရာ ဘာတွေရှိနေသလဲ။
ထောက်ခံ-ကန့်ကွက်တယ်ဆိုတာဟာ ဒီစီမံကိန်းက ဒေသခံလူထုကို ဘယ်လောက်အကျိုးရှိစေသလဲဆိုတာနဲ့ဆိုင်မယ်ထင်ပါတယ်။ ဒီအတွက် ဒီစီမံကိန်းပါ အချက်အလက်တွေကို လူထုဆီ အရင်တင်ပြပြီးမှ လူထု သဘောထားကောက်ခံ သင့်တယ် မဟုတ်ပါလား။
(၂)
ခက်နေတာက အချက်အလက် အပြည့်အစုံကို စစ်ကောင်စီကရော၊ ရုရှားဖက်ကပါ မထုတ်ပြန်သေးတာပါ။
အစောပိုင်းသတင်းတွေအရ ရုရှား စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxim Reshetnikov နဲ့အဖွဲ့ ဖေဖေါ်ဝါရီ ၂၂ က နေပြည်တော်ကိုလာပြီး စစ်ကောင်စီဥက္ကဋ္ဌနဲ့တွေ့တယ်၊ အဲဒီနေ့မှာပဲ စစ်ကောင်စီ စီးပွားရေးဝန်ကြီး ဒေါက်တာကံဇော်နဲ့တွေ့ဆုံပြီး ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးတယ်လို့ စစ်ကောင်စီ မီဒီယာတွေက ဖေါ်ပြပါတယ်။
ဒီလက်မှတ်ထိုးမှုမတိုင်ခင် ဇန်နဝါရီ ၂၁ မှာတော့ ရုရှားသံအမတ်ကြီး Iskander Kubarovich Azizov နဲ့အဖွဲ့ ထားဝယ်ကိုလာပြီး ဦးမြတ်ကိုတို့နဲ့ တွေ့ဆုံတယ်၊ အဲဒီပွဲမှာ အရင် NLD အစိုးရ ခေတ်က ဒီစီမံကိန်းအတွက် တာဝန်ယူခဲ့သူ ဦးအောင်စိုး တက်ရောက်တာကိုလည်း ရုရှားသံရုံး ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။
အဲဒီနောက် အခု စစ်ကောင်စီဥက္ကဋ္ဌရဲ့ မော်စကိုခရီးစဉ်မှာ ထားဝယ်စီမံကိန်းအပါဝင် ၂ နိုင်ငံသဘောတူချက် ၁၀ ခု လက်မှတ်ရေထိုးခဲ့တယ်လို့ ဆိုပါတယ်။ အချက်အလက်က ဒီလောက်ပဲ တရားဝင်ထုတ်ပြန်ထားတာရှိပါတယ်။
အဲ- နောက်ထပ် ထူးခြားတယ်လို့ပြောနိုင်တာက၊ ရုရှားက တကယ်ပဲ ဒီစီမံကိန်းကို ဝင်ရောက်တာဝန်ယူတော့မယ်လို့ မှန်းဆနိုင်တဲ့အချက်တော့ ရှိပါတယ်။
“မြန်မာ-ထိုင်း- ဂျပန် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ထားတဲ့ SPV /Special Purpose Vehicle ကို ဖျက်သိမ်းရေးကိစ္စအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရမယ်” လို့ စစ်ကောင်စီ ဒုဥက္ကဋ္ဌက မတ်လ ၁၁ ရက်နေ့မှာ ညွှန်ကြားချက်ထုတ်တယ်လို့ စစ်ကောင်စီ မီဒီယာက ဖေါ်ပြပါတယ်။
တချိန်တည်းမှာပဲ ဦးမြတ်ကိုနဲ့အဖွဲ့ကလည်း တနင်္သာရီတိုင်းအစိုးရ အစည်းအဝေးတွေမှာ ရုရှားကတာဝန်ယူဆောင်ရွက်မယ့် ရေနက်ဆိပ်ကမ်းအကြောင်း ဆွေးနွေးနေပြီး မကြာခင် နိုင်ငံခြားဧည့်သည်တွေ အများကြီးရောက်လာနိုင်တဲ့အတွက် ထားဝယ်ဒေသမှာ ဟိုတယ်တွေ ပြင်ထားဖို့ညွန်ကြားချက် ထုတ်နေတယ်လို့ ဆိုပါတယ်။
တခါ တနင်္သာရီတိုင်းအခြေစိုက် အရပ်ဖက်နှင့် နိုင်ငံရေးအဖွဲ့အစည်း ၁၁ ဖွဲ့ကလည်း စစ်ကောင်စီနဲ့ ရုရုားနိုင်ငံတို့ ပူးပေါင်း လုပ်ဆောင်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ကန့်ကွက်ကြောင်း မတ်လ ၁၀ ရက်က ကြေညာချက်ထုတ်ပြန်ထားတာတွေ့ရပါတယ်။
(၃)
ဒီတော့ အခု ထိုင်းနဲ့ ဂျပန်တို့နဲ့ ပူးတွဲ တာဝန်ယူဆောင်ရွက်ထားတာကို ရုရှားက ဆက်လုပ်မှာလား။
အချက်အလက်က ဒီလောက်ပဲရှိသေးတော့ ဘာကိုထောက်ခံပြီး ဘာကို ကန့်ကွက်ရမှန်းမသိသေးပါ။ အရင် ဦးသိန်းစိန်အစိုးရခေတ်မှာ ထိုင်းက (အီတလျံ-ထိုင်း ကုမ္ပဏီက) ဦးစီးဆောင်ရွက်စဉ်ကတော့ ဒီစီမံကိန်းတခုလုံးအတွက် မြေဧက ၂၀၀ နီးပါးသိမ်းတယ်၊ လျှော်ကြေး (အချို့တဝက်) ပေးတာတွေလုပ်ခဲ့တယ်။
ပြီးတော့ နဘုလယ်ရွာအနီးမှာ စီမံကိန်း အခြေစိုက်စခန်းဆောက်ပြီး ရေနက်ဆိပ်ကမ်းကနေ ဝင်လာတဲ့ ကုန်စည်တွေကို ထိုင်းဖက်သယ်ယူနိုင်ဖို့ နဘုလယ်-ရေဖြူ-မေတ္တာ-ထီးခီး-ဖုနန်းလွန်- ကန်ချနပူရီ ကားလမ်းဖောက်တယ်။ ရွှေ့ပြောင်းခံရသူတွေကို နေရာအစားထိုးပေးဖို့အတွက် အိမ်ယာစီမံကိန်းတခု ဆောက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။
စာရေးသူကိုယ်တိုင်လည်း ဦးသိန်းစိန်ခေတ် ၂၀၁၃ မှာတခေါက်၊ NLD အစိုးရခေတ် ၂၀၁၇ နဲ့ ၂၀၁၉ မှာ နှစ်ခေါက် ရေနက်ဆိပ်ကမ်းဒေသဆီရောက်ပြီး သွားရောက်လေ့လာခဲ့ဖူးပါတယ်။
အခြေစိုက်စခန်းတခုနဲ့ ကားလမ်းကြမ်းတခုကလွဲရင် ရေနက်ဆိပ်ကမ်းတွေ၊ စက်မှုဇုန်တွေ ဘာမှမရှိသေးပါဘူး။ ၂၀၁၃ တုန်းက ဂျပန်က ရင်းနှီးမြှုပ်နှံသူတွေ ဝင်လာမလားဆိုပြီး မျှော်လင့်ချက်နဲ့ ရှင်သန်နေဆဲဖြစ်ပေမယ့် ၂၀၁၇၊ ၂၀၁၉ ခရီးစဉ်တွေအတွင်းမှာတော့ အခြေစိုက်စခန်းနဲ့ လမ်းတွေတောင် အတော်ပျက်စီး ယိုယွင်းနေတာကို မြင်ခဲ့ရပါတယ်။
ဆိုတော့ အခု ရုရှားက ဘာလုပ်မှာလဲ။ ကိုယ်တိုင်ငွေစိုက်ပြီး အစ-အဆုံး ဆောင်ရွက်မှာလား၊ အီတလျံ-ထိုင်း ကုမ္ပဏီလိုပဲ အစပျိုးဆောင်ရွက်ပြီး ငွေရင်းစိုက်မယ့်သူတွေကို မျှော်မှာလား။
ရေနက်ဆိပ်ကမ်းက ဝင်လာတဲ့ ကုန်စည်တွေကို ဘယ်ကိုပို့မှာလဲ။ ထားဝယ်ကနေ တရုတ်နယ်စပ် မူဆယ်ကို ပို့မှာလား၊ ထားဝယ်ကနေ (အိန္ဒိယနယ်စပ် တမူးကိုပို့မှာလား။ ထိုင်းက မပါတော့ဘူးဆိုတော့ နဘုလယ်-ကန်ချနပူရီ ကားလမ်းကြီးက အလကား ဖြစ်သွားတော့မလား။
ပြီးရင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနဲ့ ရေနံချက်စက်ရုံတွေကထွက်လာတဲ့ စွမ်းအင်တွေ၊ သန့်စင်ပြီးသား လောင်စာတွေကို ဘယ်ကိုပို့မှာလဲ။ ပြည်တွင်း သုံးအတွက်လား၊ ထိုင်းကိုရောင်းမှာလား။
အချက်အလက် ဘာမှမသိရသေးခင် စစ်ကောင်စီကလည်း သူ့ကို ရုရှားထောက်ခံကြောင်း ပြချင်တာနဲ့ ထားဝယ်ဆိပ်ကမ်းအကြောင်း နင်းကန် ဝါဒဖြန့်နေ၊ ကန့်ကွက်သူတွေကလည်း ဘာမှမသိရသေးခင် မူအရ (ပြည်တွင်းစစ်ဖြစ်နေချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မဝင်သင့်) ကန့်ကွက်သံတွေ နင်းကန်ထုတ်ပြန်နေတဲ့ သဘောဖြစ်နေတာတွေ့ရပါတယ်။
(၄)
ဒါဟာ ဝါဒဖြန့်ချိရေးလား၊ တကယ်လုပ်မှာလား ဆိုတာလည်း စဉ်းစားစရာပါပဲ။
သဘာဝပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်သူ ဦးဝင်းမျိုးသူနဲ့ စာရေးသူ ဆွေးနွေးခန်းထဲက အချက်အချို့ကို ကိုကားတင်ပြရမယ်ဆိုရင် ဒီစီမံကိန်းဖြစ်နိုင်-မဖြစ်နိုင်က ၅၀-၅၀ အခြေအနေမှာပဲ ရှိနေပါသေးတယ်။
စီမံကိန်းစတင်တယ်ဆိုရင်လည်း အနည်းဆုံး ၅ နှစ်ခန့်ကြာမယ်။ ဒီစီမံကိန်းတွေအတွက် ရုရှားက စတင်ဆောင်ရွက်သူလုပ်ပြီး ငွေအရင်းအနှီးကို စစ်ကောင်စီက ထုတ်ပေးရမယ်ဆိုရင် စစ်ကောင်စီမှာ နိုင်ငံခြားငွေ ရှိရဲ့လား။
ကျောက်မီးသွေး စက်ရုံနဲ့ ရေနံချက်စက်ရုံတွေက အနည်းဆုံး ဒေါ်လာ သန်း ၅၀၀ အထက်မှာရှိနိုင်ပါတယ်။ ရေနက်ဆိပ်ကမ်းနဲ့စက်မှုဇုန်က အဲဒီထက် ပိုများနိုင်ပါတယ်။
ပြီးရင် လျှပ်စစ်တင်ပို့ဖို့က မဟာဓာတ်အားလိုင်းတွေက ထားဝယ်အထိမရောက်သေး၊ ရေးမှာ ပြတ်နေတယ်ဆိုလား။ လက်ရှိ တနင်္သာရီတိုင်းသားတွေက မဟာဓာတ်အားလိုင်းနဲ့ မီးလင်းနေတာမဟုတ်ဘဲ ကိုယ့်မီးစက်နဲ့ကိုယ် လင်းနေရတာပါ။ ဒါကြောင့် မြန်မာပြည်ထဲ တနင်္သာရီတိုင်းမပါဘူးလားဆိုပြီး နောက်ပြောရေးနေကြတာကို ဆိုရှယ်မီဒီယာမှာ မကြာခဏ တွေ့နိုင်ပါတယ်။
ရေနက်ဆိပ်ကမ်းဆီဝင်လာတဲ့ ကုန်စည်တွေကို မူဆယ်နဲ့ တမူးကို ပို့မယ်ဆိုရင် မြန်နှုန်းမြင့်ရထားလမ်းတွေ၊ ၄ လမ်းပြေး ကားလမ်းတွေလည်း လိုပါသေးတယ်။ အခုဖောက်ထားတဲ့ ထားဝယ်-ရေး ရထားလမ်းပေါ်က ရထားတွေရဲ့ မြန်နှုန်းက ဘယ်လောက်ရှိသလဲ။ ဒေသခံတွေ အသိဆုံးပါ။
ပြီးတော့ လုံခြုံရေးကိစ္စ၊ အရင်ခေတ်က ဒီဒေသမှာ တိုက်ပွဲသိပ်မရှိပေမယ့် အခု PDF ခေတ်မှာ ရေနက်ဆိပ်ကမ်းအနီး မကြာခဏ တိုက်ပွဲဖြစ်နေတာပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အနှောင့်ယှက်မပေးပါဘူးလို့ NUG က မူဝါဒ ချထားပေမယ့် လက်ရှိ လက်နက်ကိုင်တပ်တွေအားလုံးက NUG အောက်မှာ ရှိနေတာမျိုး မဟုတ်တော့ ပြောရခက်ပါတယ်။
KNU -ကရင့်အမျိုးသားအစည်းအရုံးကတော့ အပေးအယူညှိနိုင်းလို့ ရနိုင်တယ်လို့ အကဲခတ်တွေကဆိုပါတယ်။ အရင် ၁၉၉၆ (ဒီစီမံကိန်းအပေါ်ဖက် ကီလို ၈၀ ခန့်အကွာ) ရတနာဓာတ်ငွေ့ပိုက်လိုက်စီမံကိန်းတုန်းက ဖောက်ခွဲမှုတွေရှိခဲ့ဖူးပေမယ့် နောက်ပိုင်း အပေးအယူနဲ့ ထိုင်းဖက်က ညှိနှိုင်းနိုင်ခဲ့ပါတယ်။
တခါ အရင်ချထားတဲ့ မူဝါဒကလည်း -ရှိပြီးသားနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးမယ်ပြောထားပေမယ့် အခု စစ်တပ်က အာဏာ သိမ်းထားချိန်မှာ ထူးဆန်းစွာဝင်လာတဲ့ ဒီစီမံကိန်းပေါ် ဘယ်လို သဘောထားသလဲ ဆိုတာကလဲ မေးခွန်း ထုတ်စရာပါပဲ။
နောက်တချက်က သောက်သုံးရေ-ပြဿနာ၊ အရင် ထိုင်းတွေလုပ်စဉ်က သောက်သုံးရေအတွက် ကလုံးထာချောင်းကို ရေကာတာဆောက်ပြီး သယ်ယူဖို့ပြင်ပေမယ့် ဒေသခံတွေက လက်မခံတာကြောင့် အဆင်မပြေဘူးလို့ သိရပါတယ်။
ဒါ့အပြင် နဘုလယ်ဒေသက လူတွေက သောက်ရေမရှိဘဲ ဘယ်လိုနေကြသလဲ၊ ရှေ့မှာပြောခဲ့တဲ့အတိုင်း မဟာဓာတ်အားလိုင်းထဲ တနင်္သာရီတိုင်းသားတွေ မပါသလို မဟာရေအားလိုင်းထဲလည်း တနသာၤရီတိုင်းသားတွေ မပါဘူးပြောရမလား…
ဒေသခံ အားလုံးက ကိုယ့်မီးစက်ကိုယ်မောင်း၊ ကိုယ်ရေတွင်း ကိုယ်တူးပြီး နေကြတာ၊ ဒီလို နိုင်ငံခြားသားတွေအပါဝင် လူ ထောင်နဲ့ချီလာနေမယ်ဆိုတော့ တွင်းရေလောက်နဲ့ ဘယ်ဖြစ်တော့မလဲ…။
ဆိုတော့ ဒီလိုအပ်ချက်တွေကို စစ်ကောင်စီနဲ့ ရုရှားအစိုးရက ဘယ်လိုကိုင်တွယ် ဖြေရှင်းပေးမှာလဲ။ တကယ်ကော ဖြေရှင်းနိုင်မှာလား။
အခုတင်ပြလာတဲ့အချက်တွေထဲ အပြစ်တွေချည်းဖြစ်နေသလား။ အကျိုးကော ဘာတွေရှိနိုင်သလဲ။ သေချာတာကတော့ ဒီစီမံကိန်းကြောင့် လမ်းပန်းဆက်သွယ်ရေး တိုးတက်လာတယ်ဆိုတာ ငြင်းမရတဲ့အချက်ပါ။
စာရေးသူတို့ ကျောင်းသားဘဝကဆိုရင် မောင်းမကန်ကမ်းခြေကနေ ပန်းတင်အင်းကျေးရွာကိုလွန်ပြီး နဘုလယ်ဖက်မရောက်ဖူးသလို ရေဖြူကနေ (အဲတုန်းက မြစ်ကူးတံတားလည်းမရှိသေးပါ) ထားဝယ်မြစ်အနောက်ဖက်ကမ်းကိုကျော်ပြီး နဘုလယ်ဒေသဆီ မရောက်ဖူးခဲ့ပါ။
ဟော အခုတော့ (၂၀၁၃ ဝန်းကျင် ဦးသိန်းစိန်ခေတ်က) ရေနက်ဆိပ်ကမ်းဒေသက လမ်းတွေဖြူးလို့ (ထိုင်းက ဖောက်တဲ့လမ်းကြမ်းအဆင့်သာရှိသည့်တိုင်)။ ထားဝယ်ကိုလာတဲ့ ဧည့်သည်တွေကို ဒေသခံတွေက ဂုဏ်ယူစွာနဲ့ ရေနက်ဆိပ်ကမ်းဆီ လိုက်ပြနေကြတာ။
နိုင်ငံခြားသား တိုးရစ်တွေပါ လာရောက်တည်းခိုနိုင်တဲ့ ကမ်းခြေတွေ၊ ဟိုတယ်တွေလည်း မောင်းမကန်ကနေ နဘုလယ်ဒေသအထိ တန်းစီပေါ်လာခဲ့ပေါ့။ နဘုလယ်-ထီးခီးလမ်းကို မူတည်ပြီး ထီးခီးနယ်စပ်ဂိတ်ဆိုတာ ပေါ်လာခဲ့၊ ထားဝယ်သား အတော်များများလည်း အဲလမ်းကနေ ကန်ချနပူရီကို သွားလည်ခဲ့ဖူးတဲ့အထိ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တိုးတက်လာတာ မြင်ရပါတယ်။
အခြားကော ဘာတွေ တိုးတက်သေးလဲ။ စီမံကိန်းက 0+000KM ကနေ ရှေ့ကို မတက်နိုင်သေးဘူးဆိုတော့ ဘာမှအတိအကျ မမြင်ရသေးဘူးလို့ ဆိုနိုင်ပါတယ်။ ဒေသခံတွေ အလုပ်အကိုင်ရကြမှာလား။
လမ်းဖောက်-မြောင်းတူးတဲ့နေ့ရာမှာ အလုပ်ကြမ်းသမားလောက်ပဲ ရကြမယ်ထင်တယ်။ ကျွမ်းကျင်လုပ်သားတွေက နိုင်ငံခြားကနေ တခါတည်းခေါ်လာကြမှာပါ။ ဈေးဆိုင်တွေ- သယ်ယူပို့ဆောင်ရေးတွေ-လုံခြုံရေးဝန်ထမ်းတွေ-စကားပြန်တွေ အလုပ်ရနိုင်သလား။
ထားဝယ်အတော်များများ ထိုင်းစကားပြောတတ် ဆိုတတ် ရှိကြပေမယ့် ရုရှားစကားတတ်သူကတော့ မရှိလောက်ဘူးထင်ပါတယ်။ တကယ်လို့ စီမံကိန်းတွေ လက်တွေ့အကောင်ထည်ဖေါ်လာပြီးရင်တော့ ဒေသခံတွေ တကယ်အကျိုးရှိ မရှိ မြင်လာရနိုင်ပါတယ်။
အခုအခြေအနေမှာကတော့ ပျက်စီးနေတဲ့လမ်းတွေ၊ ပြိုကျနေတဲ့ စီမံကိန်နေရာဟောင်းက အဆောက်အအုံတွေ၊ နွားစားကျက်ဖြစ်နေတဲ့ ဧက ၂၀၀ သောမြေတွေ၊ တိုက်ပွဲသံတွေကြားမှာ စီမံကိန်းရဲ့ အလားအလာဟာ ဘာမှ အပေါင်းလက္ခဏာ မတွေ့ရသေးဘူးဖြစ်နေပါတယ်။
ဆိုတော့ ဒီစီမံကိန်းက တကယ်လုပ်မှာလား။ စစ်ကောင်စီက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်တဲ့အနေနဲ့ လေသံပစ်ရုံ သက်သက်လား။
ဒေသခံလူထုအတွက် ဘယ်လိုအကျိုးရလဒ်တွေ မြင်လာရမှာလဲ။
အကျိုးမမြင်ရခင် စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်တဲ့အတွက် ဒေသခံတွေ ထပ်ပြေးရမလား၊ ခံစားချက်ပြင်းထန်တဲ့ ဒေသခံ PDF တွေက ရေနက်ဆိပ်ကမ်းဒေသဆီ ဝင်ရောက်ပစ်ခတ်တာတွေ ထပ်ဖြစ်လာမလား။
ဒီစီမံကိန်းက အကျိုးနဲ့ အပြစ် ဘယ်ဟာက ပိုများနိုင်သလဲ။ ကဲ… ဦးမြတ်ကိုနဲ့ စာရေးသူအပါအဝင် ထားဝယ်သားတွေ ဆက်လက်ဆွေးနွေးကြတာပေါ့။
ထက်အောင်ကျော်