BREAKING
March 20, 2025

ရာသီဥတုထိပ်သီးညီလာခံအတွက် အမေဇုန်တောကို ခုတ်ထွင်ခြင်း

March 20, 2025

ဘရာဇီးနိုင်ငံ ဘဲလင်မြို့မှာ ကျင်းပမယ့် COP30 ရာသီဥတုထိပ်သီးညီလာခံအတွက် လေးလမ်းသွား အဝေးပြေးလမ်းမတစ်စင်းကို ဖောက်လုပ်နေပါတယ်။

ထိန်းသိမ်းစောင့်ရှောက်ထားရတဲ့ အမေဇုန်တောအုပ်ကြီးထဲမှာ ဧကပေါင်းသောင်းနဲ့ချီ ခုတ်ထွင်ရှင်းလင်းပြီး ဖောက်လုပ်နေတာပါ။

ဘဲလင်မြို့ကိုသွားတဲ့လမ်းမှာ ယာဉ်ကြောပိတ်ဆို့မှု သက်သာစေဖို့ ရည်ရွယ်ဖောက်လုပ်နေတာပါ။

လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် COP30 ရာသီဥတုထိပ်သီးညီလာခံအတွက် ကမ္ဘာအနှံ့က ခေါင်းဆောင်တွေပါဝင်တဲ့ လူပေါင်း ၅၀,၀၀၀ ကျော်ကို အိမ်ရှင်အနေနဲ့ ဘဲလင်မြို့က ဧည့်ခံပေးသွားရမှာ ဖြစ်ပါတယ်။

ပြည်နယ်အစိုးရကတော့ ဒီအဝေးပြေးလမ်းမရဲ့ ရေရှည်တည်တံ့တဲ့ ကောင်းကွက်တွေကို ချီးကျူးပါတယ်။ ဒါပေမဲ့ ဒေသခံအချို့နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကတော့ ဒီအဝေးပြေးလမ်းရဲ့ သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်လာမယ့်အရေးကို ဒေါသထွက်နေကြပါတယ်။

အမေဇုန်မိုးသစ်တောကြီးဟာ ကမ္ဘာကြီးအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့စုပ်ယူပေးပြီး ဇီဝမျိုးစိတ်စုံလင်ကွဲပြားမှုကို ထောက်ပံ့ပေးထားတဲ့နေရာမှာ အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။

အမေဇုန်မိုးသစ်တောကြီးထဲ ခုတ်ထွင်ရှင်းလင်းပစ်မှုဟာ သဘာဝပတ်ဝန်းကျင်ထိပ်သီးညီလာခံရဲ့ တကယ့်ရည်ရွယ်ချက်နဲ့ ကဏ္ဋကောစဖြစ်နေတယ်လို့ တော်တော်များများက ဆိုကြပါတယ်။ ခုတ်ထွင်ရှင်းလင်းထားတဲ့ မြေကွက်ပေါ်မှာ သစ်လုံးတွေကို မြင့်မြင့်မားမား ပုံထားပါတယ်။ ဆိုခဲ့ပါ ခုတ်ထွင်ရှင်းလင်းထားတဲ့ မြေကွက်ဟာ အမေဇုန်တောကို ဖြတ်ပြီး ဘဲလင်မြို့အထိ ၁၃ ကီလိုမီတာ ( ၈ မိုင်) အထိ ရှည်လျားဆန့်တန်းနေပါတယ်။

အမေဇုန်တောရဲ့ ကြမ်းခင်းမျက်နှာပြင်ကို မြေတူးစက်နဲ့ စက်ယန္တရားတွေက တူးဆွရှင်းလင်းပြီး အောက်ခံစိမ့်မြေပေါ်ကနေ လမ်းမတစ်စင်းအဖြစ် ရုပ်လုံးဖော်နေတာပါ။ ဒီလမ်းမဟာ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းထားရတဲ့ သစ်တောနယ်မြေကြီးကို ထိုးဖောက်ဖြတ်သန်းနေတဲ့ အဝေးပြေးလမ်းမ ဖြစ်ပါတယ်။

ကလော်ဒီယို ဗက်ရက်ကက်ချီဟာ ရုပ်လုံးပေါ်လာမယ့် အဝေးပြေးလမ်းမနဲ့ မိုင် ၂၀၀ လောက် အကွာမှာ နေထိုင်ပါတယ်။ ဒီနယ်မြေမှာ စိုးမိုးထားခဲ့ဖူးတဲ့ သစ်ပင်တွေဆီကနေ အာဆိုင်ဘယ်ရီသီးတွေကို ခူးဆွတ်ရင်းနဲ့ ဝင်ငွေ ရခဲ့သူတစ်ယောက်ပါ။

“အရာအားလုံး ဖျက်ဆီးခံလိုက်ရတယ်”

သစ်ပင်တွေ ခုတ်လှဲရှင်းလင်းထားတဲ့ နေရာကို ညွှန်ပြရင်းနဲ့ သူက ပြောပါတယ်။

“ကျွန်တော်တို့ အသီးခူးနေကျ အပင်တွေ ခုတ်လှဲခံလိုက်ရတယ်။ ကျွန်တော်တို့ မိသားစုကို ထောက်ပံ့ဖို့ ဝင်ငွေ ကျွန်တော်တို့မှာ မရှိတော့ဘူး”

ပြည်နယ်အစိုးရဆီက ဘာလျော်ကြေးမှ မရဘဲ လက်ရှိအချိန်မှာ သူ စုဆောင်းမိသမျှ ငွေအပေါ်မှာပဲ မှီခိုစားသောက်နေရတယ်လို့ သူက ပြောပါတယ်။

ဒီအဝေးပြေးလမ်းမကြီးကို ဖောက်လုပ်လိုက်တာကြောင့် လာမယ့်အနာဂတ်မှာ သစ်တောပြုန်းတီးမှုတွေ ပိုဖြစ်လာမှာကို သူ စိုးရိမ်နေပါတယ်။

အခုချိန်မှာတော့ ဒီနယ်မြေကို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေက ပိုလက်လှမ်းမီလာခဲ့ပါပြီ။

“တစ်နေ့နေ့မှာ တစ်ယောက်ယောက်က ဒီလို လာပြီး ‘ဒီမှာ ပိုက်ဆံ ၊ ဓာတ်ဆီဆိုင် မဟုတ်ရင် ကုန်လှောင်ရုံ ဆောက်ဖို့ ဒီဧရိယာကို ငါတို့ လိုအပ်တယ်’ လို့ ပြောလာမှာကို ကျွန်တော်တို့ ကြောက်တယ်။ အဲဒါဆိုရင်တော့ ကျွန်တော်တို့ ဒီက ခွာပေးရတော့မှာပဲ”

“ဒီအသိုက်အဝန်းလေးမှာပဲ ကျွန်တော်တို့ မွေးဖွားကြီးပြင်းလာခဲ့ကြတယ်လေ။ ကျွန်တော်တို့က ဘယ်ကို သွားရမှာလဲ”

သူ့ရဲ့ အသိုက်အဝန်းလေးဟာ အဝေးပြေးလမ်းမကြီးနဲ့ အဆက်ပြတ်နေမှာပါ။ ဒီလမ်းမကြီးရဲ့ ဘေးနှစ်ဖက်က တံတိုင်းတွေကြောင့်ပါပဲ။

“လမ်းမရဲ့ တစ်ဖက်ခြမ်းမှာ နေထိုင်တဲ့ ကျွန်တော်တို့အတွက် ဘာအကျိုးအမြတ်မှ ရလာစရာ မရှိပါဘူး။ ဒီလမ်းကနေ ဖြတ်သွားမယ့် ထရပ်ကားတွေအတွက်ကတော့ အကျိုးအမြတ်တကယ်ရှိမှာပါ။ တကယ်လို့ တစ်ယောက်ယောက် နေမကောင်းဖြစ်ပြီး ဘဲလင်မြို့ထဲကို သွားဖို့ လိုလာရင်တောင် ကျွန်တော်တို့ ဒီလမ်းကို အသုံးပြုနိုင်မှာ မဟုတ်ဘူးလေ”

ဒီအဝေးပြေးလမ်းမကြီးဟာ ထိန်းသိမ်းစောင့်ရှောက်ထားရတဲ့ တောအုပ်ကြီးထဲမှာ အဆက်ပြတ်နေတဲ့ နယ်မြေနှစ်ခုကို ဖန်ဆင်းလိုက်ပါတယ်။

ဒီလမ်းမဟာ ဂေဟစနစ်ကို ပျက်စီးစေပြီး တောတွင်းတိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို အနှောင့်အယှက်ပေးမှာကို သိပ္ပံပညာရှင်တွေက စိုးရိမ်ပါတယ်။

ပါမောက္ခဆီးလ်ဗီယာဆာဒင်ညာဟာ တောတွင်းတိရစ္ဆာန်တွေကို ဆေးကုသပေးတဲ့ ဆရာဝန်အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ တက္ကသိုလ်တစ်ခုရဲ့ တိရစ္ဆာန်ဆေးရုံမှာ သုတေသီတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမရဲ့ ဆိုခဲ့ပါ တက္ကသိုလ်တိရစ္ဆာန်ဆေးရုံဟာ လက်ရှိဖောက်လုပ်ဆဲ အဝေးပြေးလမ်းမသစ်ကို အပေါ်စီးကနေ လှမ်းမြင်နေရပါတယ်။

များသောအားဖြင့် လူတွေကြောင့်သော်လည်းကောင်း ၊ မော်တော်ယာဉ်တွေကြောင့် သော်လည်းကောင်း ထိခိုက်ဒဏ်ရာရလာတဲ့ တိရစ္ဆာန်လေးတွေ ပြန်နေကောင်းလာအောင် သူမတို့အဖွဲ့က လုပ်ပေးပါတယ်။

ပြန်သက်သာလာချိန်မှာ သူတို့ကို တောအုပ်ထဲ ပြန်လွှတ်ပေးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ တံခါးဝမှာ အဝေးပြေးလမ်းမတစ်စင်း ရှိနေရင် အဲလို ပြန်လွှတ်ပေးဖို့က ပိုခက်ခဲလာလိမ့်မယ်လို့ သူမက ဆိုပါတယ်။

“သစ်ပင်တွေကို ခုတ်လှဲလိုက်တဲ့အချိန်ကနေ ဆုံးရှုံးသွားတာတစ်ခု ရှိတယ်။ ဒီတိရစ္ဆာန်တွေကို တောထဲ ပြန်လွှတ်ပေးဖို့ ဧရိယာတစ်ခုကို ကျွန်မတို့ ဆုံးရှုံးရတော့မယ်။ ဒီသက်ရှိမျိုးစိတ်တွေအတွက် သဘာဝပတ်ဝန်းကျင်ကို ဆုံးရှုံးရတော့မယ်”

“ကုန်းနေတိရစ္ဆာန်တွေဟာ ဒီလမ်းမရဲ့ တစ်ဖက်ခြမ်းကို ဖြတ်သွားနိုင်တော့မှာ မဟုတ်ဘူး။ သူတို့အတွက် ရှင်သန်ပေါက်ဖွားလို့ရတဲ့ နယ်မြေဟာ လျှော့ချခံလိုက်ရတာပဲ”

COP30 ရာသီဥတုထိပ်သီးညီလာခံဟာ သမိုင်းဝင်ထိပ်သီးညီလာခံတစ်ခု ဖြစ်လာတော့မယ်လို့ ဘရာဇီးသမ္မတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးက ပြောပါတယ်။

သူတို့ပြောတဲ့ အကြောင်းရင်းကတော့ ဒီလိုပါ။

ဒါဟာ အမေဇုန်တောအကြောင်းပြောတဲ့ ထိပ်သီးညီလာခံမဟုတ်ဘူး ၊ အမေဇုန်တောထဲမှာ လုပ်တဲ့ ထိပ်သီးညီလာခံ ဆိုတာပဲ ဖြစ်ပါတယ်။

အမေဇုန်တောရဲ့ လိုအပ်ချက်တွေကို အာရုံစိုက်ဖို့ ၊ အမေဇုန်တောကို ကမ္ဘာကြီးဆီ လှစ်ဟပြသဖို့ ၊ အမေဇုန်တောကို ကာကွယ်ဖို့ ဘရာဇီးဖက်ဒရယ်အစိုးရက ဘာတွေ လုပ်ထားသလဲဆိုတာကို ထုတ်ဖော်ပြသဖို့ အခွင့်အရေးတစ်ခုကို ဒီထိပ်သီးညီလာခံက ယူဆောင်လာပေးလိမ့်မယ်လို့ ဘရာဇီးသမ္မတက ဆိုပါတယ်။

ဒါပေမဲ့ ဒီထိပ်သီးညီလာခံမှာ အဆင့်မြင့်ပုဂ္ဂိုလ်တွေကြား ဆွေးနွေးပြောဆိုကြလိမ့်မယ် ၊ စီးပွားရေးသမားတွေနဲ့ အစိုးရအရာရှိတွေအကြား ပြောကြဆိုကြလိမ့်မယ် ၊ အမေဇုန်တောကို မှီတင်းနေထိုင်ကြသူတွေရဲ့ အသံကို ဒီထိပ်သီးညီလာခံမှာ ကြားရမှာ မဟုတ်ဘူးလို့ ပါမောက္ခဆာဒင်ညာက ဆိုပါတယ်။

‘လွတ်လပ်ခြင်းရိပ်သာ’ လို့ နာမည်ပေးထားတဲ့ ဒီအဝေးပြေးလမ်းမစီမံကိန်းကို ပါရာပြည်နယ်အစိုးရကတော့ အရင်ကတည်းက ချီးကျူးထားခဲ့ပါတယ်။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်အရေး စိုးရိမ်မှုတွေကြောင့် ဒီစီမံကိန်းကို ခဏခဏ ရွေ့ဆိုင်းခဲ့ရပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဘဲလင်မြို့မှာ COP30 ထိပ်သီးညီလာခံကျင်းပနိုင်ဖို့အတွက် အခြေခံအဆောက်အအုံ တော်တော်များများ တည်ဆောက်ဖို့ကို ပြန်အသက်သွင်း အတည်ပြုထားလိုက်ပါပြီ။

ပါရာပြည်နယ်အစိုးရရဲ့ အခြေခံအဆောက်အအုံကဏ္ဍအတွင်းရေးမှူးဖြစ်သူက မြို့တော်အတွက် COP ထိပ်သီးညီလာခံကျင်းပနိုင်အောင် ပြင်ဆင်ပေးဖို့ အခြေခံအဆောက်အအုံအများအပြားကို ပြန်လည်အသက်သွင်း(သို့) အတည်ပြုလိုက်ပါပြီ။

အဝေးပြေးလမ်းစီမံကိန်းဟာ ဘဲလင်မြို့မှာ ညီလာခံကျင်းပနိုင်စေဖို့နဲ့ မြို့ခေတ်မီစေဖို့ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းပေါင်း ၃၀ ထဲက တစ်ခု ဖြစ်တယ်လို့ ပြည်နယ်အစိုးရရဲ့ အခြေခံအဆောက်အအုံဆိုင်ရာ အတွင်းရေးမှူးဖြစ်တဲ့ အက်ဒလာဆီးလ်ဗေရာက ဆိုပါတယ်။

ပြည်သူလူထုအတွက် အမွေအနှစ်တစ်ခု ကျန်ရှိနေအောင် ၊ COP30 ထိပ်သီးညီလာခံ တက်ရောက်လာမယ့်လူတွေအတွက် တတ်နိုင်သလောက် အကောင်းဆုံးနည်းနဲ့ ဝန်ဆောင်မှုပေးနိုင်အောင် ရည်ရွယ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါဟာ ရေရှည်တည်တံ့ပြီး လမ်းပန်းဆက်သွယ်ရေးတိုးတက်အောင် အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်တယ်လို့ သူက BBC သတင်းဌာနကို ပြောခဲ့ပါတယ်။

တောတွင်းတိရစ္ဆာန်တွေအတွက် အဝေးပြေးလမ်းမရဲ့ တစ်ဖက်ကနေ တစ်ဖက်ကို ဖြတ်သန်းစေနိုင်မယ့် အရာတွေကိုလည်း ထည့်သွင်းတည်ဆောက်သွားမယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။ စက်ဘီးစီးလမ်းကြောနဲ့ ဆိုလာအလင်းပေးစနစ်ကိုလည်း ထည့်သွင်းတည်ဆောက်သွားမယ်လို့လည်း ဆိုပါတယ်။

နောက်ထပ်ရောက်လာမယ့် ဧည့်သည်တွေကို နေရာထိုင်ခင်း ပေးဖို့အတွက် ဟိုတယ်အသစ်တွေ ဆောက်လုပ်ပြီး အပျော်စီးသင်္ဘာတွေ ဆိုက်ကပ်နိုင်အောင် ဘဲလင်မြို့ဆိပ်ကမ်းကိုလည်း မွမ်းမံတိုးချဲ့နေပါတယ်။

ဘဲလင်မြို့လေဆိပ်မှာ လက်ခံနိုင်တဲ့ ခရီးသည်အရေအတွက်ကို ၇ သန်းကနေ ၁၄ သန်းအထိ တိုးမြှင့်ဖို့အတွက် ဘရာဇီးဖက်ဒရယ်အစိုးရက အမေရိကန်ဒေါ်လာ ၈၁ သန်း (ယူရို ၆၂ သန်း) ကျော် ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။

‘ပါကီးဒါစီဒါဂျီး’ လို့ ခေါ်တဲ့ စတုရန်းမီတာ ၅၀၀,၀၀၀ ကျယ်ဝန်းတဲ့ မြို့ဥယျာဉ်သစ်တစ်ခုကိုလည်း တည်ဆောက်နေပါပြီ။

အဲဒီဥယျာဉ်ထဲမှာ စိမ်းလန်းနေရာတွေ ၊ စားသောက်ဆိုင်တွေ ၊ အားကစားရုံနဲ့ ထိပ်သီးညီလာခံအပြီး အများပြည်သူ အသုံးပြုနိုင်မယ့် အဆောက်အအုံတွေ ထည့်သွင်းတည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ဘဲလင်မြို့ရဲ့ ဗက်ရိုပက်ဇူး လဟာပြင်ဈေးကြီးထဲက စီးပွားရေးသမားတချို့ကတော့ ဒီဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းက မြို့တော်အတွက် အခွင့်အလမ်းတွေ ယူဆောင်လာမယ်လို့ သဘောတူပါတယ်။

“တစ်မြို့လုံးအတိုင်းအတာနဲ့ တိုးတက်အောင် လုပ်နေတယ်။ မြို့ကို ပြန်လည်ပြုပြင်ရေး လုပ်နေတယ်။ အခြားနေရာတွေကနေ လူအများကြီး လာရောက်လည်ပတ်ကြမယ်။ အဓိပ္ပါယ်က ကျွန်တော့်အဖို့ ပိုများများရောင်းရပြီး ပိုက်ဆံပိုများများရမယ်ဆိုတာပဲ” လို့ သားရေဖိနပ်ဆိုင်ရှင် ဒါဆီးကာဒိုဆူးဒါဆီးလ်ဗာက ဆိုပါတယ်။

သူ ငယ်ငယ်တုန်းက ဘဲလင်မြို့ဟာ လှပပြီး ကောင်းကောင်းထိန်းသိမ်းခံခဲ့ရပေမယ့် နောက်ပိုင်းမှာ အုပ်ချုပ်သူလူတန်းစားရဲ့ စိတ်ဝင်စားမှုမရှိ အစွန့်ပစ်ခံခဲ့ရတာကြောင့် ဒီစီမံကိန်းက လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

ဗက်ရိုပက်ဇူးဈေးကြီးထဲမှာ အမေဇုန်သစ်တောထွက် သစ်ဥသစ်ဖုတွေနဲ့ ဖော်စပ်တဲ့ တိုင်းရင်းဆေးပိုင်ရှင် ဂျိုဝါးအလက်ဇန်ဒရေဒါဆီးလ်ဗာကတော့ ဆိုခဲ့ပါ တည်ဆောက်ရေး လုပ်ငန်းတွေကြောင့် ပြဿနာတွေ ရှိလာမယ်ဆိုတာကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ အဲဒါက အနာဂတ်မှာ အကျိုးရှိစေမှာမို့ ရင်းရတာ တန်တယ်လို့ သူက မြင်ပါတယ်။

“ဆွေးနွေးတာတွေက စာရွက်ပေါ်မှာပဲ ပြီးသွားတာမျိုး မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ချက်တွေ ဖြစ်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကမ္ဘာဂြိုဟ်အတွက် အသက်ရှူရတာ နည်းနည်းလောက် ပိုကောင်းသွားစေဖို့ စီမံကိန်းတွေ ၊ ဆုံးဖြတ်ချက်တွေ ချမှတ်ရမယ်။ အဲဒါမှ အနာဂတ်လူသားတွေဟာ နည်းနည်းလေး ပိုသန့်ရှင်းလာတဲ့ လေထုကို ရှူရမယ်” လို့ သူက ပြောပါတယ်။

COP30 ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ ရွေးချယ်ခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ မျှော်လင့်ချက်ကလည်း ဒါပဲ ဖြစ်မှာပါ။

ဒါပေမဲ့ ထောင်ချီတဲ့ ကမ္ဘာအနှံ့က ခေါင်းဆောင်တွေ လေယာဉ်နဲ့ ပျံသန်းသွားလာမှုတွေ၊ သူတို့ကို တည်ခင်းဧည့်ခံဖို့ လိုအပ်တဲ့ အခြေခံအဆောက်အအုံ တည်ဆောက်မှုတွေကပဲ ရာသီဥတုထိန်းသိမ်းရေး အရေးတော်ပုံကို ဖျက်ဆီးပစ်နေတာလားဆိုတဲ့ သံသယတွေလည်း ကြီးထွားလာနေပါတယ်။

ဈာန်ဟိန်း

(BBC သတင်းဌာနက ဖော်ပြထားသည့် Amazon forest felled to build road for climate summit ဆောင်းပါးကို မူရင်းအာဘော်နှင့်အညီ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)