ဂါဇာအပေါ် စစ်ပွဲဆင်နွှဲနေသည်ကို ရပ်တန့်ပေးရေးနှင့် အစ္စရေးဓားစာခံများ ပြန်လွတ်လာရေးအတွက် အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့တွင် ဗုဒ္ဓဟူးနေ့က လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြသည်။
ဂါဇာတွင် အထိန်းသိမ်းခံထားရဆဲ အစ္စရေးဓားစာခံ ၅၉ ဦး ကျန်ရှိနေသေးသည့်အချိန်တွင် အစ္စရေးဝန်ကြီးချုပ်က ဂါဇာစစ်ပွဲကို ပြန်လည်စတင်လိုက်ပြီးနောက် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲပြီးနောက် နှစ်လနီးပါးရှိလာချိန်တွင် အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသကို အင်္ဂါနေ့က လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်စတင်ပြုလုပ်ခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုမပြုလုပ်မီကတည်းက ယင်းဆန္ဒပြပွဲများ ပြုလုပ်ရန် ကြိုတင်စီစဉ်ထားခဲ့သော်လည်း အင်္ဂါနေ့ညမှာပင် ဆန္ဒပြပွဲများ စတင်ပေါ်ပေါက်လာခဲ့သည်။
အစ္စရေးနိုင်ငံ ရှင်းဘက်ပြည်တွင်းထောက်လှမ်းရေးဌာန၏ အကြီးအကဲဖြစ်သူ ရိုနန်ဘားအား အယုံအကြည်မရှိတော့ဟု ဆိုကာ ဝန်ကြီးချုပ်က ၎င်းအား ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် ဗုဒ္ဓဟူးနေ့တွင်လည်း ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။











ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုသည် အစ္စရေးဒီမိုကရေစီကို ထိခိုက်အောင် လုပ်ဆောင်နေသည်ဟု ဆန္ဒပြသူများက ယူဆကြပြီး ဗုဒ္ဓဟူးနေ့က ဝန်ကြီးချုပ်နေအိမ်အရှေ့တွင် စုဝေးဆန္ဒပြခဲ့ကြသည်။
အစ္စရေးဝန်ကြီးချုပ်သည် ၎င်းအာဏာဆက်ရရေးအတွက် စစ်ပွဲကို ဆက်လက်ဖန်တီးနေခြင်း ဖြစ်သည်ဟု ဆန္ဒပြသူများက စွပ်စွဲကြသည်။
“ဒီစစ်ပွဲဟာ အရေးပါတဲ့ အကြောင်းရင်းတစ်ခုခုကြောင့် တိုက်နေတဲ့ စစ်ပွဲမဟုတ်တော့ဘူး။ ဒီစစ်ပွဲဟာ ဒီလက်ရှိအစိုးရ ရှေ့ဆက်ရှင်သန်နိုင်အောင် တိုက်နေတဲ့ စစ်ပွဲပဲ။ ဘင်ဂျမင်နေတန်ညာဟု အာဏာဆက်ရဖို့ တိုက်နေတဲ့ စစ်ပွဲပဲ”ဟု ဂျေရုဆလင်မြို့မှ ဆန္ဒပြသူတစ်ဦးက ပြောသည်။
ဆန္ဒပြပွဲများအတွင်း လက်ရှိအချိန်အထိ အဖမ်းခံရသူ ၄ ဦး ရှိပြီ ဖြစ်သည်။
Source: France 24