ရုရှားနှင့်ယူကရိန်း နှစ်နိုင်ငံအကြား နှစ်ဘက်စလုံးမှ အကျဉ်းသား ၁၇၅ ဦးစီ ဗုဒ္ဓဟူးနေ့က အပြန်အလှန် လဲလှယ်ခဲ့ကြသည်။ စုစုပေါင်းအကျဉ်းသား ၃၅၀ လဲလှယ်မှုသည် ရုရှား၏ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း အကြီးမားဆုံး အကျဉ်းသားလဲလှယ်မှု ဖြစ်သည်။
“တပ်သားတွေ ၊ တပ်ကြပ်တွေနဲ့ အရာရှိတွေ ၊ လက်နက်ကိုင်တပ် ၊ ရေတပ် ၊ အမျိုးသားလုံခြုံရေးတပ် ၊ နယ်မြေကာကွယ်ရေးတပ်နဲ့ နယ်စပ်လုံခြုံရေးတပ်စတဲ့ စစ်တပ်ရဲ့ ရာထူးအဆင့်ဆင့်မှာ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သည်တွေကို ကျွန်တော်တို့ ပြန်ခေါ်လာနေပါတယ်” ဟု ယူကရိန်းသမ္မတဗလော်ဒီမာဇလန်းစကီးက ဆိုသည်။
အဖမ်းခံခဲ့ရသည့် အရပ်သားများအပါအဝင် စစ်သုံ့ပန်းများ အပြန်အလှန် လဲလှယ်မှုက ငြိမ်းချမ်းရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ခု ဖြစ်ကြောင်း ၊ ယင်းသည် နှစ်နိုင်ငံအကြား ယုံကြည်မှုတည်ဆောက်ရာတွင် အထောက်အကူပြုနိုင်ကြောင်း ယူကရိန်းသမ္မတက ပြောဆိုခဲ့သည်။
၎င်းသည် နှစ်ဘက်စလုံးမှ အကျဉ်းသားများ အလဲအလှယ်လုပ်ရေးအစီအစဉ်ကို ထပ်တလဲလဲ ဆော်ဩလာခဲ့သည်။
ယူကရိန်းစစ် ယာယီအပစ်ရပ်ရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်နေစဉ်တွင် အာရပ်စော်ဘွားများပြည်ထောင်စု၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ဗုဒ္ဓဟူးနေ့က အကျဉ်းသားလဲလှယ်မှုအစီအစဉ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
















Source: Associated Press, Al Monitor