BREAKING
March 20, 2025

၅ မိနစ်အားသွင်းပြီး ၂၄၉ မိုင်မောင်းနိုင်သည့် နည်းပညာသစ်ကြောင့် တရုတ်ကုမ္ပဏီ ရှယ်ယာစျေး စံချိန်တင်တက်

March 20, 2025

Source: Bloomberg News / ဓာတ်ပုံ - AP

ကီလိုမီတာ ၄၀၀ ( ၂၄၉ မိုင်) ခရီးအတွက် ၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်သည့် နည်းပညာသစ်ကြောင့် တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD ၏ ရှယ်ယာဈေးနှုန်းများ စံချိန်တင်မြင့်တက်သွားခဲ့သည်။

BYD ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးမှာ အင်္ဂါနေ့တွင် ၆ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပြီး ကုမ္ပဏီ၏ တန်ကြေးမှာ အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံနီးပါးအထိ မြင့်တက်သွားသည်။

BYD လျှပ်စစ်ကားကုမ္ပဏီသည် တရုတ်နိုင်ငံ လျှပ်စစ်ကားဈေးကွက်တွင် ထိပ်သီးကုမ္ပဏီ ဖြစ်ပြီး ဈေးကွက်ဝေစု ၁၅ ရာခိုင်နှုန်းနီးပါး ပိုင်ဆိုင်ထားသည်။

အားသွင်းနှုန်း အင်မတန် မြန်ဆန်သည့် နောက်ဆုံးပေါ်နည်းပညာဖြင့် BYD လျှပ်စစ်ကားသစ်များကို ယခုနှစ် ဧပြီလမှ စတင်၍ ဈေးကွက်တွင် ဖြန့်ချိသွားတော့မည် ဖြစ်ကြောင်း သိရသည်။

နောင်ထုတ်လုပ်မည့် BYD လျှပ်စစ်ကားသစ်များအားလုံးတွင် အဆိုပါ အားသွင်းမြန်နည်းပညာသစ်ကို ထည့်သွင်းတပ်ဆင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ အားသွင်းမြန်နည်းပညာသစ်ကြောင့် လျှပ်စစ်ကားများကို ဝယ်ယူသူ ပိုမိုများပြားလာဖွယ်ရှိကြောင်း Bloomberg သတင်းဌာနက ဖော်ပြသည်။

လျှပ်စစ်ကားများအတွက် အဓိကပြဿနာဖြစ်သည့် အားသွင်းနှုန်းနှေးကွေးခြင်းကို BYD ကုမ္ပဏီက ဖြေရှင်းပေးလိုက်သည်ဟု Macquarie Capital မှ သုတေသီများက ဆိုသည်။

ယင်းကြောင့် BYD ကုမ္ပဏီသည် ပိုမိုကြီးထွားလာပြီး ပြိုင်ဘက်တက်စ်လာကားများနှင့် ပိုမိုယှဉ်ပြိုင်နိုင်စွမ်း ရှိလာမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံတွင် တက်စလာလျှပ်စစ်ကားများ၏ ရောင်းအားသည် ယမန်နှစ်ကထက် ၄၉ ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်။

တက်စ်လာလျှပ်စစ်ကားများသည် ၂၇၅ ကီလိုမီတာအကွာအဝေးအတွက် ၁၅ မိနစ်နှင့် အားအပြည့်သွင်းနိုင်သည်။

Mercedes-Benz လျှပ်စစ်ကားသစ်များသည် ၃၂၅ ကီလိုမီတာအကွာအဝေးအတွက် ၁၀ မိနစ်အတွင်း အားအပြည့်သွင်းနိုင်သည်။

BYD ကုမ္ပဏီ၏ နောက်ဆုံးပေါ်နည်းပညာသစ်က ၎င်းတို့၏ လျှပ်စစ်ကားများကို ၂ စက္ကန့်အားသွင်းရုံဖြင့် တစ်နာရီ (ကီလိုမီတာ ၁၀၀ နှုန်း)အထိ မောင်းစေနိုင်စွမ်း ရှိသည်။

BYD ကုမ္ပဏီက တရုတ်နိုင်ငံအနှံ့တွင် အားသွင်းရုံ ၄၀၀၀ ကျော် တည်ဆောက်ရန် စီစဉ်ထားသည်။

ပြိုင်ဘက်တက်စ်လာကုမ္ပဏီက ကမ္ဘာအနှံ့တွင် အားသွင်းရုံပေါင်း ၆၅,၀၀၀ ကျော် တည်ဆောက်ထားပြီး ဖြစ်သည်။