မိုးဦးကျကာလနှင့် ဆောင်းရာသီတွေမှာအဖြစ်များတဲ့ ကူးစက်မြန် ပါးချိတ်ရောင် (ဒေသအခေါ် ခွေးပါးရောင်) ရောဂါဖြစ်ရင် မဲနယ်၊ ဆေးမှင်ပြာ အရည်ဖျော်လိမ်းရတယ်လို့ ယူဆသူတွေ ရှိကြပါတယ်။
ဇန်နဝါရီ လလယ်လောက်ကနေ ထားဝယ်မှာ ပါးချိတ်ရောင်ရောဂါ အဖြစ်များနေပါတယ်။ ပါးချိတ်ရောင်ကိုယ်တိုင် ဖြစ်ဖူးသူများ အပါအဝင် ဒေသခံများကို မေးမြန်းကြည့်ရာမှာတော့ အခုချိန်အထိ အဲဒီအယူအဆကို လက်ကိုင်ယုံကြည်ပြီး ပြုလုပ်နေသူတွေ ရှိနေဆဲဖြစ်တာကို သိရှိခဲ့ရပါတယ်။
ဒေသတွင်းက ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း ပါးချိတ်ရောင်လက္ခဏာနဲ့ ဆေးခန်းလာပြသူတချို့မှာ ဆေးအပြာရောင်တွေ လိမ်းထားတာ ကြုံရတယ်လို့ ပြောပြပါတယ်။
အဲဒီလို အယူအဆအလွဲတွေကို လက်ခံကျင့်သုံးနေကြရတာဟာ ကျန်းမာရေးဗဟုသုတ အားနည်းတာအပြင် ဆေးကုသမှု စရိတ်ချွေတာပြီး အရပ်စကားအရ အိမ်သုံးနည်းတွေကို လုပ်လိုက်နေကြတာဖြစ်တယ်လို့ အထက်ပါ ကျန်းမာရေးဝန်ထမ်းက ဆိုပါတယ်။
Dawei Watch က ဒေသခံတွေကို ဆက်သွယ်မေးမြန်းချက်အရ ပါးချိတ်ရောင်နဲ့ပတ်သက်တဲ့ အယူအဆအမှားတွေကို လုပ်မိ သူတွေမှာ မြို့ပေါ်နေသူထဲကနည်းပြီး ကျေးလက်နဲ့ ကျန်းမာရေးဌာနတွေ ဝေးကွာတဲ့ အရပ်ဒေသက သူတွေက ယုံကြည်ပြီး လုပ်ကြတာ ပိုများတာကို တွေ့ရပါတယ်။
အဲဒီအကြောင်းအရာကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က ဝါရင့် အထွေထွေရောဂါကု ဆရာဝန်တစ်ဦးနဲ့ မေးမြန်းချက်အပြင် ဆေးဘက်ဆိုင်ရာ ဖော်ပြနေတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေး ဝက်ဆိုက်တွေက အချက်အလက်တွေကို ကိုးကားပြီး အချက်အလက် စိစစ်ပေးထားပါတယ်။
ပါးချိတ်ရောင်ရောဂါဆိုတာဘာလဲ
ပါးချိတ်ရောင်တယ်ဆိုတာဟာ တံတွေးဂလင်းတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရလို့ ဖြစ်တာပါ။ မေးရိုးနေရာနဲ့ နားသယ်အစပ် ဆံပင်ထောက်နေရာ ရောင်ရမ်းနာကျင်တာကို ခေါ်တာပါ။
ပါးချိတ်ရောင်ရောဂါဟာ ကလေးတွေမှာ တွေ့ရများတဲ့ ကူးစက်ရောဂါဖြစ်ပေမယ့် လူကြီးတွေမှာလည်း ကူးစက်နိုင်ပါတယ်။
ပါးချိတ်ရောင်ဖြစ်ရင် တံတွေးဂလင်းတွေရောင်ရမ်းတာအပြင် တခြားလက္ခဏာတွေအနေနဲ့ အဖျားတက်တာ၊ အားအင် ကုန်ခမ်းတာ၊ အာခြောက်တာ၊ အစာ စားဖို့ခက်တာနဲ့ ခေါင်းကိုက်တာတွေပါ ဖြစ်တတ်ကြပါတယ်။
ပါးချိတ်ရောင်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဟာ ချောင်းဆိုး၊ နှာချေတဲ့အခါမှာ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။
ပါချိတ်ရောင်ရောဂါအကြောင်းနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ရေးသားထားတာကို ဒီလင့်မှာ အသေးစိတ် ဖတ်ရှုနိုင်ပါတယ်။
ကိုယ်ခံအားကောင်းဖို့ လိုအပ်
ပါးချိတ်ရောင်ရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ရောဂါဖြစ်တာကြောင့် ဗိုင်းရပ်စ်ပိုးဟာ ပဋိဇီဝဆေး/တခြားဆေးတွေကို မတုံ့ပြန်နိုင်ဘူးလို့ Hello Sayawon ဝက်ဘ်ဆိုက်မှာ ရေးသားဖော်ပြပါတယ်။ ရောဂါခံစားရစဉ် နေသာထိုင်သာရှိရန် ရောဂါလက္ခဏာတွေကိုပဲ ကုသနိုင်တယ်လို့ ဆိုပါတယ်။
ဗိုင်းရပ်စ်ကို ကိုယ်ခံအားနဲ့ ပြန်တိုက်ရတာဖြစ်လို့ ရောဂါကူးစက်ခံရသူတွေဟာ လုံလောက်စွာ အနားယူဖို့လိုပါတယ်။ နာကျင်ကိုက်ခဲတာနဲ့ အဖျားကျစေဖို့ အတွက် ပါရာစီတမော၊ Ibuprofen ကဲ့သို့ ဆေးတွေကို ဝယ်သောက်နိုင်ပါတယ်။ အစာပျော့စားပြီး ရေများများသောက်ဖို့ လိုပါတယ်။ ရောင်ရမ်းနာကျင်တာ သက်သာဖို့ ရေနွေး သို့မဟုတ် ရေခဲ ကပ်ပေးလို့ ရပါတယ်။
ပါးချိတ်ရောင်ရောဂါ ကုသနည်းတွေနဲ့ပတ်သက်လို့ Hello Sayawon ဝက်ဘ်ဆိုက်က ရေးသားဖော်ပြထားတာကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။
Dawei Watch က မေးမြန်းခဲ့တဲ့ ဝါရင့် အထွေထွေရောဂါကု ဆရာဝန်တစ်ဦးကလည်း ပါးချိတ်ရောင်ရောဂါ ကူးစက်ခံရသူတွေဟာ ကိုယ်ခံအားကောင်းအောင် အပြည့်အဝ အနားယူသင့်တယ်လို့ ပြောပါတယ်။
မဲနယ် ၊ ဆေးမှင်ပြာတွေ လိမ်းစရာမလိုပါ
ပါးချိတ်ရောင်ရောဂါဖြစ်နေစဥ်မှာ ပါးတွေရောင်နေတာကို မဲနယ်၊ မှင်တွေကို လိမ်းကြတာဟာ မှားယွင်းတဲ့အယူအဆဖြစ်ပါတယ်။
ကိုယ်ခံအားစနစ်အရ ရောဂါသက်သာသွားရင် အရောင်ကျသွားမှာဖြစ်ပြီး ရောဂါဖြစ်နေစဥ်မှာ အရောင်ကျအောင် လုပ်လို့မရဘဲ သက်သာအောင်သာပဲ လုပ်လို့ရတယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
မှင်နဲ့ မဲနယ်တွေ လိမ်းတာဟာ ပါးချိတ်ရောင်ရောဂါ သက်သာဖို့အတွက် အထောက်အကူမပြုတဲ့အပြင် မှင်၊ မဲနယ်တွေကို မျက်နှာမှာ လိမ်းတာကြောင့် ဓာတ်မတည့်တာ၊ အဆိပ်သင့်တာတွေ ထပ်ဖြစ်နိုင်တာကြောင့် မလုပ်ကြဖို့ All about Medicine Myanmar က ဒေါက်တာရူပက ပြောဆိုထားပါတယ်။
မှင်နဲ့ မဲနယ်တွေ လိမ်းတာ မလုပ်သင့်တာအပါအဝင် ပါးချိတ်ရောင်ရောဂါအကြောင်းနဲ့ပတ်သက်လို့ ဒေါက်တာရူပ ပြောဆိုရှင်းပြထားတာကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။
ဒါ့အပြင် ပိုးသတ်ဆေးလိုမျိုး အာနိသင်ပြင်းတဲ့ဆေးတွေဟာလည်း ပါးချိတ်ရောင်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကို မသတ်နိုင်တာကြောင့် ပိုးသတ်ဆေးတွေ ဝယ်သောက်တာကလည်း အယူအဆအမှားတစ်ခုပဲဖြစ်တယ်လို့ ဖြစ်တယ်လို့ ဝါရင့် အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက Dawei Watch ကို ပြောပါတယ်။
ပါးချိတ်ရောင် အရပ်စကားတွေအတိုင်း လိုက်လုပ်တာထက် ဆရာဝန်တွေနဲ့ တိုင်ပင်ကုသမှုခံယူသင့်ပါတယ်။
စာဖတ်သူတွေအနေနဲ့ ကျန်းမာရေးအယူအဆတွေနဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေး စေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။