BREAKING
February 21, 2025

တနင်္သာရီ ဘန်းလမွတ်တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးနှစ်ဦးအပါအဝင် ဒေသခံငါးဦးဒဏ်ရာရ

February 20, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ကလေးနှစ်ဦးအပါအဝင် ဒေသခံ ငါးဦးဒဏ်ရာရကြောင်း ဒေသခံများနှင့် မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၉ရက် ညနေ ၄နာရီကျော်တွင် ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်းရှိ ပနပ်ငယ်နှင့် ထုံနွယ်ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

စစ်ကောင်စီတပ်က အင်အား ၆၀ ဝန်းကျင်ဖြင့် ကင်းပုန်းဝပ်ကာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေးရဲဘော်များဘက် ထိခိုက်မှုအနည်းငယ်ရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက ဆိုသည်။

ယင်းသို့တိုက်ခိုက်ခံရပြီးနောက်တွင် တော်လှန်ရေးတပ်များဘက်က ဒရုန်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့ဘက်က ပြင်ဝန်းရွာနားက စကစတွေရှိတဲ့နေရာကို ဒရုန်းနဲ့သွားချလိုက်သေးတယ်။ စကစ ဘက်က ထိခိုက်မှု လည်းရှိတယ်။ အတိအကျကိုတော့ အတည်ပြုလို့မရသေးဘူး။ စကစကလည်း ကျွန်တော့်တို့ ရှိတယ်ထင်တဲ့ နေရာတွေကို လက်နက်ကြီးပစ်တော့ ပြင်ဝန်းရွာသားတချို့ဒဏ်ရာရသွားတယ်” ဟု အထက်ပါတာဝန်ခံက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်သာကြာမြင့်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြင်ဝန်းရွာနေ အသက် ခုနစ်နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး၊ အသက် ၁၄နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၂၈နှစ်အရွယ် မကြည်ကြည်လွင်၊ အသက် ၅၁နှစ်အရွယ် ဦးစိုးသိုင်း၊ အသက် ၄၃နှစ်အရွယ် ဒေါ်မြင့်နွယ်တို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“စကစဘက်က စစ်ကူဆင်းလာတဲ့အချိန် တော်လှန်ရေးတပ်ဘက်က ဒရုန်းနဲ့သွားချတော့ စကစဘက်က ထိခိုက်မှုရှိတော့ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တာ။ ပြင်ဝန်းမှာကျပြီး အဲဒီလိုဖြစ်တာ” ဟု မြေပြင်အခြေအနေသိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ယနေ့ ဖေဖော်ဝါရီ ၂၀ရက် နေ့လယ်ပိုင်းအထိ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါတိုက်ပွဲများကြောင့် ဘန်းလမွတ်၊ အရှေ့မော်တုန်း၊ ထုံနွယ်၊ ပနပ်ငယ် စသည့်ကျေးရွာများမှ ဒေသခံ ၃၀၀ခန့် စစ်ရှောင်နေရကြောင်း ယင်းဒေသတွင် စစ်ရှောင်ကူညီနေသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။