BREAKING
February 22, 2025

ကျိုက်မရောတွင် မိုင်းထုခွဲရာမှ ပေါက်ကွဲမှုဖြစ်၊ တစ်ဦးသေပြီး လေးဦးဒဏ်ရာရ

February 20, 2025

ပုံစာ - မိုင်းနှစ်လုံးအနက် မပေါက်ကွဲဘဲ ကျန်သေးသည့် မိုင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - MLA

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပေါက်တောကျေးရွာတွင် မိုင်းထုခွဲရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။

ရော်ဘာခြံလုပ်ကိုင်နေသည့် မိသားစုတစ်ခုက ကောက်ယူရရှိလာသည့် မိုင်းနှစ်လုံးအနက် တစ်လုံးကို ထုခွဲကြည့်ရာမှ ဖေဖော်ဝါရီလ ၁၉ ရက် နေ့လယ် ၁၂ နာရီကျော်တွင် ပေါက်ကွဲမှုဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

မိုင်းကိုထုခွဲသည့် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး နေရာတွင်ပင် သေဆုံးပြီး အနီးအနားရှိ အသက် ၃၀ ကျော် အရွယ် အမျိုးသားတစ်ဦး၊ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၆ လအရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၁၅ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။

မိုင်းစထိမှန်ဒဏ်ရာရရှိသူများမှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး ယင်းအနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။

“အဲဒီမိုင်းကို ကောက်ရလာတယ်လို့ ပြောတယ်။ ခြံထဲရောက်တော့ တစ်ယောက်က ထုခွဲကြည့်တာ ကျန်တဲ့လူတွေက ဘေးမှာ ကြည့်နေတာပေါ့။ အဲဒါနဲ့ ပေါက်ကွဲသွားတာ” ဟု အဆိုပါဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းသည် ကားမိုင်းအမျိုးအစားဖြစ်ပြီး စစ်ကောင်စီတပ် ခမရ ၂၀၈ က ထောင်ထားသည့်မိုင်း ဖြစ်နိုင်သည်ဟု ဒေသတွင်း လှုပ်ရှားနေသည့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (MLA) က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်ကလည်း လယ်တောမှ ပြန်လာသည့် ဇနီးမောင်နှံနှစ်ဦးသည် ကျိုက်မရောမြို့နယ်၊ မရမ်းကုန်းရွာထိပ်အဝင်လမ်း ကုန်းပေါ်သို့ သုံးဘီးဆိုင်ကယ်တွန်းတက်စဉ် မြေမြှုပ်မိုင်း နင်းမိ ပေါက်ကွဲသောကြောင့် အမျိုးသားဖြစ်သူ သေဆုံးပြီး အမျိုးသမီးဖြစ်သူလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

စစ်အကြွင်းအကျန်ပစ္စည်းများ၊ စစ်နှင့် သက်ဆိုင်သည့်ပစ္စည်းများကို ထိတွေ့ကိုင်ဆောင် ဆော့ကစားခြင်း မလုပ်ရန်နှင့် တွေ့ရှိပါက နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အကြောင်းကြားပြီး အကူအညီတောင်းရန် MLA က တိုက်တွန်းထား သည်။

မွန်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် ကျိုက်မရော၊ ရေး၊ သံဖြူဇရပ်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်အတွင်း မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေသည့်အပြင် စစ်ကျန်လက်နက်ပစ္စည်းပေါက်ကွဲသည့် ဖြစ်စဉ်လည်း ရှိနေသည်။

လဂွန်းအိမ်စာစဉ်က ပြုစုထားသည့်အချက်အလက်များအရ မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလက မြေမြှုပ်မိုင်းကြောင့်နှင့် စစ်ကောင်စီတပ် လက်နက်ကြီဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူ ရှစ်ဦးရှိကာ၊ ထိခိုက်ဒဏ်ရာရသူ ၁၉ ဦး ရှိကြောင်း သိရသည်။