သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွာရွာနှင့် ပန်းပြင်ရွာကြားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများကပြောသည်။
ယနေ့နံနက် ၁၀ နာရီခွဲအချိန်၌ ယင်းစစ်ဆေးရေးဂိတ်အနီးတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမှာ ဒရုန်းဖြင့်ဗုံးချခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသော်လည်း ယင်းအပေါ် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယင်းပေါက်ကွဲမှုကြောင့် ဆိုင်ကယ်တွန်းလာသည့် အမျိုးသားတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ဒရုန်းဗုံးချတာပါ ပေါက်ကွဲသံ နှစ်ချက်ကြားရတယ်။ ပြီးတော့မှ လက်နက်ငယ်သံတွေ ဆက်တိုက်ကြားရတာ ဂိတ်နားမှာ ယောကျ်ာလေးတစ်ယောက် ထိပြီးဒဏ်ရာရသွားသေးတယ်” ဟု ၎င်းကပြောသည်။
သရက်ချောင်းမြို့ ဘက်မှလာသည့် စစ်ကောင်စီတပ်သားများသည် ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ယင်းစစ်ဆေးရေး ဂိတ်အနီးရှိ ကဇိကျေးရွာသို့ ရောက်ရှိနေကြကြောင်း ဒေသခံများကပြောသည်။
သရက်နှစ်ခွစစ်ဆေးရေးဂိတ်သည် ထားဝယ် ကော့သောင်းလမ်းပိုင်းတွင်ရှိသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ် တစ်ခုဖြစ်ပြီး ခရီးသွားမော်တော်ယဉ်များကို ငွေကြေးတောင်းခံ လေ့ရှိသည့် စစ်ဆေးရေးဂိတ်တစ်ခုလည်းဖြစ်ကြောင်း ဒေသခံများကပြောသည်။