BREAKING
February 22, 2025

AAC ရုံး အဆောက်အအုံကို တစ်လအတွင်း ဖြိုဖျက်ပေးရန် ထိုင်းအစိုးရညွှန်ကြား

February 20, 2025

ပုံစာ - ယနေ့ AAC ရုံးကို ပိတ်ရန် တားမြစ်စာ လာကပ်နေစဉ်။

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ မြန်မာအလုပ်သမားများကို ကူညီစောင့်ရှောက်ထားသည့် AAC မဟာမိတ်ရုံးကို တစ်လအတွင်း ဖြိုဖျက်ပေးရန် ထိုင်းအစိုးရက ယနေ့ (ဖေဖော်ဝါရီ ၂၀) အမိန့်စာထုတ်၍ ညွှန်ကြားခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

AAC မဟာမိတ်ရုံးသည် ထိုင်းအစိုးရထံတွင် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသဖြင့် ရုံးကို ပိတ်ပေးရန်နှင့် ရုံးတွင်နေထိုင်သူအားလုံး ရွှေ့ပြောင်းကြရန် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထိုင်းအာဏာပိုင်အဖွဲ့က လာရောက်စစ်ဆေးညွှန်ကြားခဲ့သည်။

ယနေ့ နံနက် ၈ နာရီခန့်တွင် AAC မဟာမိတ်ရုံးကို အပြီးတိုင်ပိတ်သိမ်းရန်၊ ရုံးကို တစ်လအတွင်း ဖြိုဖျက်ပေးရန်နှင့် ဆက်လက်အသုံးပြုမည်ဆိုပါက တရားဥပဒေအရ အရေးယူသွားမည်ဟု ထိုင်းအာဏာပိုင်အဖွဲ့က တားမြစ်စာ လာပို့သွားကြောင်း ယင်းအဖွဲ့ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

“ကျွန်တော်တို့အဆင့်နဲ့ ရပ်တည်ဖို့ မနိုင်တော့ဘူးပေါ့နော်။ ဘတ်ဂျက်ကောင်းကောင်းရှိတဲ့ NGO လိုမျိုး၊ နိုင်ငံတော်အဆင့်ရှိတဲ့ သံရုံးမျိုးတွေပါလာမှ ဆက်လက်ရပ်တည်လို့ ရတော့မှာ။ သူတို့ဘက်က မကူညီဘူးဆိုရင် ကျွန်တော်တို့ဘက်က ဘာမှ လုပ်လို့မရတော့ဘူး။ ဖျက်သိမ်းပေးရမယ့် သဘောဖြစ်နေပြီ” ဟု ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

အကယ်၍ တစ်လအတွင်း ရုံးအဆောက်အအုံကို မဖြိုဖျက်ပေးပါက တစ်ရက်လျှင် ဒဏ်ငွေ ဘတ် ၁၀၀၀၀ အထိ ဥပဒေအရ ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

AAC ရုံးတွင် လုပ်ငန်းခွင် ကိုယ်အင်္ဂါထိခိုက်သူများ၊ MoU စနစ်ဖြင့် စေလွှတ်ထားပြီး အလုပ်မရရှိပဲ အခက်အခဲဖြစ်နေသူ၊ လုပ်အားခမရရှိသူများ၊ အလုပ်ထုတ်ခံရသူများ၊ သက်ကြီးရွယ်အိုများ ခိုလှုံနေကြခြင်းဖြစ်သည်။

အမိန့်စာအရ ရုံးကို ဖြိုဖျက်ပေးပြီးနောက် နေထိုင်သူများကိုပါ ရွှေ့ပြောင်းပေးရမည်ဖြစ်သဖြင့် ရုံးတွင် ခိုလှုံနေသူများကိုလည်း မည်သို့ စီမံဆောင်ရွက်ပေးရမည်ကို စီစဉ်ထားခြင်းမရှိသေးကြောင်း ဦးခိုင်ကြီးက ပြောသည်။

“ရုံးမှာ ဒုက္ခရောက်လို့ လာခိုလှုံနေတဲ့သူတွေကို ဘယ်လို လုပ်ပေးရမှန်းတောင် မသိဘူး။ လောလောဆယ် စဉ်းစားလို့ကို မရသေးဘူး။ အပြင်မှာ ငှားထားရင်လည်း အဆင်မပြေဘူး။ ဘတ်ဂျက်မလုံလောက်ဘူး။ ဒီမှာ ဆက်ထားရင်လည်း ဒဏ်ရိုက်ခံရမှာဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်တောင် ဘာလုပ်ရမှန်း မသိဘူးဖြစ်နေတယ်” ဟု ဒါရိုက်တာ ဦးခိုင်ကြီးက ဆိုသည်။

ယခင်ကလည်း ယခုဖြစ်စဉ်မျိုး AAC မဟာမိတ်အဖွဲ့ထံ ဖြစ်ခဲ့ဖူးသော်လည်း ယခုအကြိမ်တွင် အမိန့်စာကျလာသဖြင့် ဖြေရှင်းရ ပိုမိုခက်ခဲကြောင်း ၎င်းကဆိုသည်။

ဥပဒေအရ AAC အဖွဲ့ရုံးကို ပိတ်ပေးရန် အမိန့်ထုတ်ခံရသဖြင့် မြန်မာသံရုံးသို့မဟုတ် NUG အစိုးရတို့က ဝင်ရောက်ထောက်ခံပေးမှသာ ဆက်လက်ဖွင့်ခွင့် ရနိုင်မည်ဖြစ်ကြောင်း ဦးခိုင်ကြီးက ပြောသည်။

လက်ရှိအခြေအနေအရ AAC မဟာမိတ်ရုံးကို ဆက်ဖွင့်လိုပါက ဥပဒေအကြောင်းရ လုပ်ရန် ထိုင်းဘက်က ညွှန်ကြားထားသဖြင့် လက်ရှိ အဆောက်အအုံကို ဖျက်ပြီး အဆောက်အအုံအသစ် ပြန်တည်ဆောက်ပြီးမှ ရရှိနိုင်မည်ဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

သို့သော်လည်း ပြန်လည်တည်ဆောက်ရေးနှင့် ခွင့်ပြုချက်တောင်းခံရေးမှာ ဘတ်သန်းချီ ကုန်ကျနိုင်သဖြင့် ဘတ်ဂျက်အခြေအနေအရ AAC ရုံးကို ဆက်ဖွင့်ရန် အခက်အခဲရှိနေကြောင်း ၎င်းက ပြောသည်။