BREAKING
February 22, 2025

ထိုင်းအမျိုးသမီးကိုသတ်ပြီး အလောင်းဖျောက်သည်ဟုဆိုကာ မြန်မာအမျိုးသားတစ်ဦးဖမ်းဆီးခံရ

February 20, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ထိုင်းအမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး လမ်းဘေးချုံတောထဲတွင် အလောင်းဖျောက်ထားသည်ဆိုသည့် စွပ်စွဲချက်ဖြင့် မြန်မာအမျိုးသားတစ်ဦး ဖေဖော်ဝါရီလ ၁၉ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အသက် ၂၃နှစ်အရွယ် ကိုအောင်ဇင်မျိုးသည် ထိုင်းအမျိုးသမီးနှင့် ကာရာအိုကေဘားတွင်တွေ့ဆုံပြီး လိင်မှုကိစ္စအတွက် ဘတ် ၁၅၀၀ ဖြင့် ညှိကာ ဟိုတယ်တစ်ခုတွင် ပျော်ပါးခဲ့ကြကြောင်း မြန်မာအမျိုးသားက ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။

ယင်းနောက် နှစ်ဦးသားဆိုင်ကယ်ဖြင့် အိမ်ပြန်ကြရာ အခင်းဖြစ်နေရာသို့ အရောက်တွင် မြန်မာအမျိုးသားက နောက်တစ်ကြိမ်ပျော်ပါးရန် တောင်းဆိုခဲ့ကြောင်း ဆိုသည်။

ယင်းသို့တောင်းဆိုပြီးနောက် ထိုင်းအမျိုးသမီးက ပါးရိုက်သဖြင့် လည်ပင်း ပြန်ညှစ်ခဲ့ရာ သတိမေ့သွားသည်ဟု ယူဆကာ ထားရစ်ပြီး ဆိုင်ကယ် စီးရန် ပြန်ထွက်လာခဲ့ကြောင်း မြန်မာအမျိုးသားက ပြောဆိုသည်ဟု ဖော်ပြသည်။

ဆိုင်ကယ်လဲနေသည်ကို ဖြတ်သန်းသွားလာသော ထိုင်းတက္ကစီသမားတစ်ဦးက မြင်သဖြင့် သွားရောက်ကူညီရာ ကိုအောင်ဇင်မျိုးမှာ အရက်မူးပြီး ထိခိုက်ထားသည်ဟု ယူဆကာ အရေးပေါ်ကား ခေါ်ပေးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ကယ်ဆယ်ရေးသမားများ ရောက်လာပြီးနောက် ကိုအောင်ဇင်မျိုး၏ ဆိုင်ကယ်သော့ ပျောက်နေသည်ဆိုသဖြင့် အနီးအနားတွင် လိုက်ရှာကြရာ လမ်းဘေးချုံတောထဲက အသက် ၄၄နှစ်အရွယ် ထိုင်းအမျိုးသမီးအလောင်းကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။

အလောင်းတွင် အင်္ကျီကို အပေါ်ဆွဲတင်ထားပြီး ဘောင်းဘီနှင့် အတွင်းခံများကို အောက်သို့ ဆွဲချွတ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

ခြေထောက်တွင် သွားဖြင့်ကိုက်ရာ တွေ့ရှိထားပြီး လည်ပင်းတွင် ညှစ်ထားသော ဒဏ်ရာကိုလည်း တွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ထို့နောက် ကယ်ဆယ်ရေးအဖွဲ့များက ဘန်ဖောင်းနယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့ရာမှ ကိုအောင်ဇင်မျိုး ဖမ်းဆီးခံရကြောင်း သတင်းများတွင် ဆက်လက်ဖော်ပြသည်။

အမှုမှန် ပေါ်ပေါက်ရေး ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

Ref: The Thaiger, Khaosod, CH 8