မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ၊ မုဒွန်းကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က မီးလောင်မှုကြောင့်နေအိမ် ၁၆ လုံး ပျက်စီးဆုံးရှုံးကြောင်း ရွာခံတို့ထံမှ သိရသည်။
မုဒွန်းကျေးရွာ၊ ရပ်ကွက် ၁၂ အတွင်းရှိ ဒေါ်အေးဝင်းနေအိမ်တွင် ဆိုလာပြားဖြင့် ဘတ္ထရီအားသွင်းထားရမှ အပူလွန်ကဲပြီး မီးလောင်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“လေတိုက်ပြင်းနေတဲ့အချိန်မှာဆိုတော့ အကုန်လုံးကို ကူးစက်သွားတယ်။ ဘာမှ ယူမနိုင်ခဲ့ဘူး။ လူတောင် မနည်းပြေးရတယ်။ ခဏလေးအတွင်းမှာပဲ မိနစ်ပိုင်းအတွင်းမှာပဲ လောင်ကုန်တာ” ဟု မုဒွန်းရွာခံတစ်ဦးက ပြောသည်။





မီးလောင်မှုကို ချောင်းဆုံနှင့် မော်လမြိုင်မြို့နယ်တို့မှ မီးသတ်တပ်ဖွဲ့များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံ ပြည်သူတို့၏ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီခွဲခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်း ရွာခံတို့ထံမှ သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ပျဉ်ခင်း၊ ပျဉ်ကာ၊ ကွန်ကရစ်တို့ဖြင့် တည်ဆောက်ထားသည့် နေအိမ် ၁၆ လုံး မီးလောင်ပျက်စီးသွား ခဲ့ပြီး လူထိခိုက် သေဆုံးမှု မရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
လက်ရှိတွင် မီးဘေးသင့် ပြည်သူ ၆၀ နီးပါးကို ရွာဘုန်းကြီးကျောင်းတွင် ပြောင်းရွှေ့ထားပြီး ဒေသခံတို့မှ ကူညီပေးနိုင်ရန် စီစဉ်နေကြောင်း ရွာခံများထံမှ သိရသည်။