လောင်းလုံးမြို့နယ် ဂေါ့အင်းရွာတွင် ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက မြေကြီးတူးရာမှ သစ်ငုတ်ပိပြီး အသက် ၆၀ ဝန်းကျင်အရွယ်အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှသိရသည်။
ယနေ့ နံနက်၈နာရီခန့်တွင် ဂေါ့အင်းရွာ ကျွဲဒိုင်မော်အပိုင်းတွင် ဦးဝင်းအပါအဝင် မိသားစုသုံးဦး မြေကြီးတူးရာမှ မြေကုန်း ပေါ်ရှိ သစ်ငုတ်မှာအရှိန်ဖြင့် ပြိုဆင်းလားပြီး ဦးဝင်း၏ ခန္ဓာကိုယ်ပေါ်ပိသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သစ်ခေါင်း(ငုတ်) က ဗိုက်ပေါ်တည့်တည့် လာပိတာ” ဟု ၎င်းက ပြောဆိုသည်။
ဦးဝင်းသည် သစ်ငုတ်ပိသည့် ဒဏ်ရာဖြင့် နာရီပိုင်းအတွင်း သေဆုံးသွားပြီး အလောင်းကို အရေးပေါ်ကားဖြင့်နေအိမ် သယ်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။
သေဆုံးသူ အပါအဝင်မိသားစုသည် ဂေါ့အင်းရွာအောက်ပိုင်းတွင် နေထိုင်ကြပြီး ထော်လာဂျီဖြင့် မြေကြီးများကို လိုက်လံ ဝယ်ယူပြီး ကိုယ်တိုင်တူးကာ အခကြေးငွေဖြင့် မြေဖို့ရောင်းသည့်လုပ်ငန်းဖြင့် အသက်မွေးကြကြောင်း ဒေသခံများထံမှ သိရသည်။