တနင်္သာရီတိုင်းအတွင်း လယ်ယာမြေပေါ် အခြားနည်းအသုံးပြုခွင့်မရှိဘဲ မြေဖို့ခြင်း၊ အိမ်ဆောက်ခြင်း၊ မြေအကွက်ရိုက်ရောင်းချခြင်း တွင်ကျယ်စွာ လုပ်ကိုင်နေသည်။
ထိုသို့ အခြားနည်းအသုံးပြုခွင့်မရှိဘဲ လုပ်ကိုင်နေခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများ ကြပ်မတ်စိစစ်မှု အားနည်းနေသည့်အပေါ် ပြောဆိုဝေဖန်မှုများလည်း ရှိနေသည်။
ထိုကြောင့် လယ်ယာမြေပေါ် အခြားနည်းအသုံးပြုခွင့်မရှိဘဲ မြေဖို့ခြင်း၊ အိမ်ဆောက်ခြင်း၊ မြေအကွက်ရိုက်ရောင်းချခြင်းကိစ္စရပ်များ အပေါ် တာဝန်ရှိသူများ၏ လုပ်ဆောင်ထားချက်များ၊ စိန်ခေါ်မှုများ၊ ဒေသခံများ၏ သဘောထားအမြင်များကို တင်ပြလိုက်သည်။
ဦးအောင်နိုင်ဦး၊ အုပ်ချုပ်ရေးမှူးတာဝန် နှစ်ကြိမ်ထမ်းဆောင်ခဲ့ဖူးသူ၊ ကြက်စားပြင်ရပ်ကွက်
တကယ်တမ်းကတော့ မီးမလောင်ခင် တားရမှာ။ ဒါကိုလုပ်မှ သွားတားတာထက် မလုပ်ခင်ကတည်းက တားရမှာ။ သူတို့ဘက်က လည်း လုပ်လို့ရတယ်လို့ စမ်းပြီးလုပ်တာ။ စမ်းပြီးလုပ်ရင်းမှ ပြီးမှ ဖြစ်လာတာ။ မလုပ်ခင်ကတည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးက တင်ပြ ရမှာ။
သူတို့က သိတယ်။ မသိတဲ့အုပ်ချုပ်ရေးမှူး မရှိဘူး။ သိတယ်ဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြရမယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးက အချိန်နဲ့တစ်ပြေးညီ ချက်ချင်းတင်ပြရမှာ။ ဘယ်သူ့ဆီကို သွားမလဲဆို တိုင်းအစိုးရအဖွဲ့က လယ်^ဆည်ဝန်ကြီးဆီကို ရောက်သွားမှာ။
လယ်/ဆည်ဝန်ကြီးကလည်း ချက်ချင်း အရေးယူဆောင်ရွက်ရမယ်။ အရေးယူဆောင်ရွက်တယ်ဆိုတာ ဖမ်းဖို့ဆီးဖို့ ပြောတာ မဟုတ်ဘူး။ မှားနေတာကို မှန်အောင်ပြောပေးရမယ်လေ။ ဒီလိုဖြစ်စေချင်တယ်။ တိုင်းအစိုးရအဖွဲ့ဝင် လယ်/ဆည်ဝန်ကြီးက တာဝန်ရှိတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ကွင်းလည်း ဆင်းလှပြီ။ ဒီအနာကို ဒီလိုမလုပ်ရဘူးဆိုတာ စာထုတ်လိုက်ရုံပဲ။
နောက်ဆုံးဝယ်ထားတဲ့သူပဲ ဒုက္ခရောက်မှာ။ မလုပ်ခင်ကတည်းက ကြိုပြီးတားလို့ရမယ့် အခွင့်အရေးတွေ အများကြီး ရှိတယ်။ မလုပ်ခဲ့ဘူး။ မလုပ်လို့ ဒီလိုဖြစ်လာတာ။ ပြည်သူတွေကို အပြစ်မတင်ဘူး၊ တာဝန် ရှိတဲ့သူတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေစပြီး မြို့နယ်/ခရိုင်အုပ်ချုပ် ရေးမှူး၊ ဝန်ကြီးကိုပဲ အပြစ်တင်တယ်။ တစ်တိုင်းလုံးအနေအထားနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်သင့်တယ်။ ဒီမြေတွေ အရောင်းအဝယ်လုပ်ရာမှာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ပါတယ်။
ထားဝယ် လေးမြို့နယ်စလုံးမှာ ဖြစ်နေတာ။ ဒီရောဂါကြီးက ပြဿနာအရမ်းကြီးတာ။ ရမယ်ဆိုရင်လည်း အားလုံးရစေလိုက်။ မရဘူး ဆိုရင်လည်း မရတဲ့အကြောင်း ပြတ်ပြတ်သားသား ပြောဖို့လိုတယ်။
အဓိကတာဝန်အရှိဆုံးကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ လယ် ဆည်ဝန်ကြီးပေါ့။ သူတို့ဘက်က ပြတ်ပြတ်သားသားမလုပ်ခဲ့တာ။
ဦးရဲထွဋ်နိုင်၊ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်း ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း
စီးပွားရေးအရပြောမယ်ဆိုရင် လူတွေက နိုင်ငံရဲ့စီးပွားရေး၊ ဒေသရဲ့ စီးပွားရေးမကောင်းဘဲ ဖြစ်လာရင် စုမိဆောင်းမိထားတဲ့ ငွေကြေးလေးတွေ ရှိတယ်။ အဲဒီငွေကြေးကို တိုးပွားအောင်သွားတဲ့အခါမှာ ဘဏ်ကိုသွားမလား။ ဘဏ်အတိုးကျတော့လည်း စိတ်ဝင်စားစရာ သိပ်မကောင်းဘူး။ နည်းတဲ့အခါကျတော့ လူတွေက အမြဲတမ်းပွားနေ တယ်လို့ မြင်တဲ့ဟာက ဘာလဲဆိုရင် မြေကို မြင်ကြတယ်ဗျ။
သိန်းငါးဆယ်တတ်နိုင်တဲ့သူကလည်း သိန်းငါးဆယ်လေးနဲ့ ဝယ်ထားလိုက်တယ်။ အိမ်ဆောက်တာ မဆောက်နိုင်တာ အပထား။ ပြန်ရောင်းတဲ့နေ့ဆိုလည်း အမြတ်လေးတင်ပြီး ပြန်ရောင်းမယ်ပေါ့။ တိုင်းပြည်စီးပွားရေးကျလာရင် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးမှု အားနည်းလာရင် ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောလို့ သီအိုရီအရ မြင်တယ်ခင်ဗျား။
အိမ်မှာသိမ်းထားရင် ပရုတ်လုံးဖြစ်တာကိုး။ မြန်မာငွေက။ သိမ်းထားရင်း သိမ်းထားရင်းနဲ့ သေးသွားတာကိုး။ ရင်းနှီးမြှုပ်နှံ တဲ့အချိန်မှာ အခုဆိုရင် အကွက်ရိုက်ရောင်းတဲ့အတွက်ကြောင့် ကိုယ်နိုင် တဲ့ မြေလေးဝယ်ထားပြီး ပွားတာပေါ့။ သို့သော် ဝယ်လိုက်ပြီး ရင်းနှီးမြှုပ်နှံလိုက်တဲ့ ငွေကြေးက ပွားချင်လို့လုပ်တာ။ ဒါပေမဲ့ သူ့လက်ထဲမှာ မြေသာဟိုဘက်ကလူက ရောင်းလို့ သူပိုင်တယ်သာပြောတယ်။ ဘာစာရွက် စာတမ်းမှ မရှိဘူး။ တောသူတောင်သားတွေက စာရွက်စာတမ်းကို ဦးစားမပေးတဲ့ အတွက်ကြောင့် ဥပဒေကြောင်းအရဖြစ်လာရင် လက်မဲ့တွေပဲ။ တစ်ယောက်နဲ့တစ်ယောက် ဥပဒေကြောင်းအရပြောရင် စာရွက် စာတမ်းက အဓိကဖြစ်တယ်။
ဒေသတိုင်း၊ နေရာတိုင်းမှာ လူဦးရေက တိုးပွားလာတယ်။ ထားဝယ်မှာက မြေယာလိုအပ်ချက် အများကြီး ဖြစ်နေတယ်။ ဒီအပေါ် မှာ အစိုးရက ဖော်ထုတ်ရမှာ။ အစိုးရက ဦးဆောင်ပြီးတော့ မြေပြင်ပေါ် မှာရှိနေတဲ့ စာရွက်စာတမ်းအရ ခွင့်ပြုနိုင်တဲ့ မြေယာအမျိုးအစားကို မြေယာလျော်ကြေးပေးပြီးတော့ ပေါက်ဈေးနဲ့ ဝယ်ပြီးတော့မှ ဆောင်ရွက် သင့်တယ်။
ဦးတင့်ဇော်၊ ခမောင်းတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ လောင်းလုံးမြို့နယ်၊
တကယ်ဆိုလို့ရှိရင် တစ်ယောက်အတုခိုး တစ်ယောက်လုပ်နေ ကြတာ။ ကျွန်တော်တို့ အခက်အခဲက ကိုယ့်ရပ်ကိုယ့်ရွာကလူကိုပဲ သွားတားနေရတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့မှာလည်း တာဝန် ရှိတယ်။ ကိုယ်က အုပ်ချုပ်ရေးမှူးဖြစ်နေတော့ ကိုယ့်ရပ်ကိုယ့်ရွာက လူတွေကို ကိုယ်ပြန်တားနေရတယ်။ အမုန်းခံရတယ်ပေါ့။ အစိုးရအနေနဲ့ လည်း အစကတည်းက လုပ်နေတာ သိသိကြီး။ နမူနာစံပြအနေနဲ့ လုပ်ပြလိုက်တစ်ယောက်လောက်။ အဲ့လိုလုပ်ရင် ကျန်တဲ့လူတွေ မလုပ်ရဲ တော့ဘူး။
ကျွန်တော်တို့လည်းမတားရအောင် ပြည်သူတွေလည်း ကျွန်တော် တို့ကို မမုန်းအောင် အစိုးရကနေပြီးတော့ လုပ်ပေးသင့်တယ်။ ကျွန်တော် တို့က အမြဲတမ်းဒီမှာနေနေတာ။ ကိုယ့်ရပ်ကိုယ့်ရွာမှာ အမြဲတမ်းနေမယ့် သူတွေ။ ဒီလူဒီလူ ဒီမျက်နှာ နေ့တိုင်းတွေ့နေရတယ်။ ကျွန်တော်တို့က အမြဲတမ်းအုပ်ချုပ်ရေးမှူးဖြစ်တာ မဟုတ်ဘူး။ တစ်နေ့မဟုတ် တစ်နေ့ ကျွန်တော်တို့ထွက်တဲ့ အခါကျရင် ကျွန်တော်တို့ကို ရန်ငြိုးထားရင် ထားမှာ။
ကျွန်တော်တို့သွားတားရင် သူများတွေကရော (မြေ) ဖို့ရတယ်။ ငါတို့ကိုကျတော့ ဘာလို့လာတားနေလဲပေါ့။ အဲလိုတွေ ရှိတယ်။ဟိုဘက်ရွာမှာ ဖို့ရင် ဟိုဘက်ရွာကိုတား။
ကိုယ့်ရွာမှာဆိုရင် ကိုယ့် အုပ်ချုပ်ရေးမှူးကတားပေါ့။ သူတို့တွေက အဲဒါတွေ သဘောမပေါက်ဘူး။ တစ်ခြားရွာမှာဖို့တာ နင်တို့မမြင်ဘူးလား။ ငါတို့ဖို့တာကျတော့ ငါတို့ကို ဘာလို့လာတားနေလဲပေါ့ အဲ့လိုပြောခံရတာတွေ ရှိတယ်။
ခက်တာက ပိုက်ဆံရှင်တွေက လူကြီးတွေနဲ့ သွားသွားပေါင်းတာ။ ကျွန်တော်တို့က ကြားကနေပြီးတော့ ခံနေရတယ်။ အခုက လုပ်နေကြတာ ရွာတိုင်းပါပဲ။
အစိုးရအနေနဲ့ဆိုရင် တစ်ရွာချင်းကို စစ်ဆေးပြီးတော့ နေရာချပေး သင့်တယ်။ ကွက်သစ်တွေ ချထားပေးသင့်တယ်။ ဥပမာ ကျွန်တော်တို့ ရွာမှာလိုမျိုးပေါ့။ လူဦးရေအရ နေလို့လည်း မဆန့်တော့ဘူး။ တစ်အိမ်နဲ့ တစ်အိမ် စိပ်နေရော။ အိမ်သာနဲ့ ရေတွင်းဆို ကပ်နေတယ်။ လှည့်လို့ မသာတော့ဘူး။ ဒီလိုမျိုးရွာတွေဆို လုပ်ပေးသင့်တယ်။ ဒါပေမဲ့ အစိုးရကမှ ဂရုမစိုက်တာ။
ဒေါ်လဲ့လဲ့မော်လက်ထက်ကတည်းက တင်ထားတာ လုပ်ပေးမယ်လုပ်ပေးမယ်နဲ့ အခု အစိုးရသက်တမ်းပဲ ကုန်တော့မယ်။ အဲ့ဒါတွေ အားနည်းတယ်။
လူဦးရေက တစ်နှစ်ထက်တစ်နှစ်တိုးတိုးလာတာကို။ တိုးလာတာနဲ့ အမျှ ကိုယ့်ဥယျာဉ်ခြံမှာလည်း ကိုယ့်ဘာသာကိုယ် နေမယ်ဆိုလည်း ခွင့်ပြုချက်မရဘဲ မနေခိုင်းပြန်ဘူး။ အခြားနည်းအသုံးပြုခွင့်လျှောက် ခိုင်းတယ်။ သူတို့မှာ လျှောက်ပါ လျှောက်ပါသာ ပြောတာ။ လျှောက်လည်း တစ်ခါမှလည်း ကျတာမှ မဟုတ်တာ။ အဲတော့ ပြည်သူတွေက ဘယ်လို လုပ်သွား လျှောက်မလဲ။ လျှောက်ခိုင်းတာပဲ ရှိတယ်။ တစ်ခါမှ ကျလာ တာမှ မရှိတာ။
အစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ရွာတွေကို စိစစ်ပြီး ကွက်သစ် ဖော်ဆောင်ပေးစေချင်တယ်။ အစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ပေါ့။ သူ့လယ် သူ့ဘာသာ သူ့သဘောနဲ့သူရောင်းမယ်ဆိုတာမျိုး ကျွန်တော်တို့ မလို ချင်ဘူး။ အဲ့လိုဆို သူဈေးတင်မှာပေါ့။ အဲလိုကျတော့ ရွာထဲမှာနေတဲ့ ပြည်သူလူထုက ဆင်းရဲသားတွေများတယ်။ ဆင်းရဲသားတွေက အဲ့ဈေးတစ်ခုကို ဘယ်လိုတိုးလို့ပေါက်မလဲ။
အဲလိုဆိုတော့ မဝယ်ရဘူး။ မဝယ်ရတော့ ငွေရှင်ကြေးရှင်တွေက လက်ဝါးကြီးအုပ်သွားတယ်။ ဖြစ်ချင်တာက ရွာချဲ့ထွင်မယ်။ ကွက်သစ်ဖော်ပြီး အစိုးရစီမံခန့်ခွဲမှုနဲ့ ရောင်းပေးမယ်ဆို တစ်ကွက်ကို ဘယ်လောက်နဲ့ စသည်အားဖြင့်ပေါ့လေ။ လုပ်ပေးစေချင်တယ်။ အဲ့လိုမှပဲ ပြည်သူလူထုလည်း ဝယ်နိုင်မယ်။
ဦးအောင်နိုင်ဦး၊ အုပ်ချုပ်ရေးမှူး ၊ ကျောက်မော်ရပ်ကွက်
စောမိညိုလမ်းမှာသည် အိမ်ဆိုလည်း မဟုတ်ဘူး။ အားလုံးက တဲလိုလို အိမ်လိုလို ဆောက်ပြီးနေကြတယ်။ အဲဒီတော့ သူတို့တွေ တဲလိုလို အိမ်လိုလို ဆောက်ကတည်းကနေပြီး (ရပ်ကွက်) ရုံးကိုခေါ်တယ်။ ရုံးမှာ အစည်းအဝေးမှတ်တမ်းနဲ့တကွ နောက်ထပ် တိုးချဲ့ပြီးမဆောက်ဖို့ အတွက်။ ပြီးရင် ဒီမြေတွေသည် အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ လယ်ယာ မြေဥပဒေကို ချိုးဖောက်ပြီးတော့ ဆောက်လုပ်နေထိုင်တာ ဖြစ်တဲ့အတွက် တကယ်လို့များ အစိုးရနေပြီး ဥပဒေအရ ဖျက်ခိုင်းမယ် ပြုခိုင်းမယ်ဆိုရင် ဖျက်ပေးပါ့မယ် ဆိုပြီးတော့ သူတို့ကို လက်မှတ်ထိုးခိုင်းထားပြီးသား။ ပြီးရင် ဆောက်နေတာတွေကို ဆက်မလုပ်ဖို့အတွက် ရပ်ကွက် လယ် ယာမြေစီမံခန့်ခွဲရေးအဖွဲ့ကနေပြီးတော့ ရပ်နားဖို့ ရပ်နားစာထုတ်ထားတာ ရှိတယ်။
ဒီဘက်ခြမ်းက သတိပေးတားနေရင်းနဲ့ သူတို့ဘာသာ ဆက်လုပ်နေကြတာ။ အဲလို ရပ်နားစာတွေ ထုတ်တာတို့၊ ရုံးမှာ ခံဝန် လက်မှတ်ထိုးထားတဲ့ဟာတွေကို မြို့နယ်လယ်စီအဖွဲ့ကို တင်ပေးတယ်။
ကျွန်တော်တို့ကတော့ မလုပ်ခင်ကတည်းက တားတယ်။ ရပ်နားစာ တွေလည်း ထုတ်တယ်။ ကျွန်တော်တို့ကလည်း အချိန်ပြည့် အဲဒီမှာ သွားရပ်မကြည့်နေနိုင်ဘူးလေ။ ရှင်းရှင်းပြောရရင် လူလစ်ရင် လစ်သလို ဆောက်တယ်။ ကျွန်တော်တို့လည်း အခါအားလျော်စွာ ကွင်းဆင်းကြည့် တယ်။ အခြေအနေ တစ်ခုခုထူးခြားနေပြီဆိုရင် ရုံးကိုခေါ်ပြီး နောက် ဆက်မလုပ်ဖို့အတွက် လက်မှတ်ထိုးခိုင်းတယ်။ ဟန့်တားတယ်။ နောင် ဖြစ်လာမယ့်အကျိုးဆက်ကို သူတို့ဘာသာ သူတို့ခံစားရတော့မယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ယောက်အနေနဲ့ကတော့ ရုံးကိုခေါ်မယ်။
အသိပေးမယ်။ လက်မှတ်ထိုးခိုင်းမယ် လယ်ယာမြေ ဥပဒေကို ဒီလို ချိုးဖောက်ပြီး ဆောက်လုပ်နေထိုင်တဲ့အတွက် ဆောက်လို့မရဘူးဆိုတာ အသိပေးပြီးသား။ အဲဒါကို မြို့နယ်ကို တင်ပေးတယ်။ ရှင်းရှင်းပြောရရင် အဲဒါသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက်အနေနဲ့ ဥပဒေအရ လုပ်နိုင်တာအကုန်ပဲ။
မြို့နယ်ထွေအုပ်ကလည်း အခါအားလျော်စွာ ရုံးအဖွဲ့ကနေဆင်းလာ ပြီးတော့ ဟန့်တားတာတွေ စာထုတ်တာတွေ လုပ်နေတာပဲ။ ရပ်ကွက် ပိုင်းကတော့ ကိုယ်လုပ်သင့်လုပ်ထိုက်တာ အားလုံးလုပ်ထားတယ်။ မြို့နယ်က ကိစ္စကတော့ ကိုယ့်အလုပ်လည်း မဟုတ်တော့ ဘယ်လိုမှ မသုံးသပ်ချင်ဘူး။
ဦးကံထူး၊ လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှုး
(ကျေးရွာတွေမှာ ခွင့်ပြုချက်မရှိဘဲ အကွက်ရိုက်၊ အပြောင်ရှင်း အိမ်ဆောက်နေတာမျိုးတွေရှိရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက သတင်းပို့တာတွေ) ရှိပါတယ်။ ဒီလိုသတင်းပို့လာလို့ရှိရင် ပထမဆုံး ကတော့ ရပ်ကျေးတွေကို တားခိုင်းပါတယ်။ ပြီးရင် မြို့နယ် အဆင့် ကနေပြီး ဆင်းပြီးတော့မှ ခေါ်ယူသတိပေးတာတို့ လုပ်နေပါတယ်။ ဒီနေ့ပဲ ကျွန်တော်တို့ အောက်ရေဖြူဆင်းပြီးတော့ ဒါတွေလုပ်နေပါတယ်။ သူတို့(ရွာသားတွေ) ကလည်း ဒီလိုလုပ်လို့ရရင် အဆင်ပြေတယ်။ ဒီလို လုပ်လို့ရနိုင်တယ်ဆိုပြီးတော့ သူတို့စိတ်ထဲမှာ ဝင်နေကြလို့ပါ။ ကျွန်တော်တို့ကလည်း နယ်မြေတစ်ခုလုံးဆိုတော့ လုပ်တော့လုပ်နေတာပေါ့။
ဒါပေမဲ့ တချို့နေရာတွေမှာတော့ တချို့က ဥပဒေကို မသိတာ တို့၊ နားမလည်တာတို့ အဲဒါတွေနဲ့ ဆက်လုပ်နေကြတာတော့ ရှိတာ ပေါ့။ မြို့နယ်က အကျယ်ကြီးဆိုတော့ တစ်ခါတလေ ကျွန်တော်တို့ လက်လှမ်းမမီတာတွေ ရှိနေတာပေါ့။ ကျွန်တော်တို့လည်း သိသိချင်း တော့ လိုက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ တစ်လောကလည်း ကဒက်ကြီးရွာဘက်မှာ ဒါမျိုးတွေ လုပ်နေတယ်ဆိုတာ ကြားလို့ ခေါ်ယူလက်မှတ်ထိုးခိုင်းတာတို့၊ အသိပေးတာတို့ မြေတွေကို ပြန်လည် ပြင်ခိုင်းတာတို့ အဲဒါတွေလုပ်နေပါတယ်။
ကျွန်တော်တို့ကတော့ အိမ်ဆိုရင်လည်း အိမ်မြေကွက်တွေလိုရင် မိမိတို့လိုလားချက်အရ ရွာတိုးချဲ့ဖို့လိုရင် စနစ်တကျ တိုးချဲ့တဲ့ အစီအမံနဲ့ တင်ခိုင်းတာရှိပါတယ်။ တချို့ရွာတွေမှာတော့ မြေလို အပ်ချက်ရှိနေပြီလို့ သုံးသပ်မိပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ဆောက် နေဖို့မြေတွေ ရှားပါးနေလို့လည်း ဖြစ်နိုင်ပါတယ် ကျွန်တော်ကအဲလိုပဲ သုံးသပ်ပါတယ်။
ဦးမောင်ဌေး၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုး
အခြားနည်းအသုံးပြုခွင့်မရှိဘဲ လယ်ယာမြေပေါ်မှာ အကွက်ရိုက် လို့မရဘူး။ အိမ်ဆောက်လို့မရဘူးဆိုတာကို ရုံးခေါ်ပြီး ပြောပြတယ်။ လက်ရှိလုပ်နေတာကိုလည်း ဓာတ်ပုံနဲ့တကွမှတ်တမ်းတင်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးကို တင်ပြတယ်။ ကျွန်တော်တို့က တားနိုင်သမျှ တားတယ်။ တားရဲ့သားနဲ့ ဆက်လုပ်နေရင်လည်း ဥပဒေနဲ့ရင်ဆိုင် ကြပေါ့။
အစိုးရတာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စကိုမြန်မြန်လေး ထိထိလေး ထိထိရောက်ရောက် ညှိနှိုင်းသင့်တာညှိနှိုင်း အရေးယူသင့်တာ အရေးယူလိုက်တာက အကောင်းဆုံးပဲ။ မဟုတ်ရင်လယ်ယာမြေတွေ ကုန်သွားနိုင်တယ်။
လူဦးရေက တစ်နေ့တခြားများလာတော့ နေထိုင်ဖို့က လိုအပ်ချက် တွေ ရှိလာနေတယ်။ လိုအပ်လို့လည်း သိမ်းဆည်းမြေတွေကို ပြန်ပြီး စွန့်လွှတ်ဖို့ တောင်းဆိုထားတာ ရှိတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထောင်ရောက် တန်းရောက်တော့ မရှိသေး ပါဘူး။ လယ်မြေပေါ်မြေဖို့တာတို့ တိုင်စိုက်တာတို့ကို မြို့နယ်လယ်စီ ကလာပြီး ပြန်ပြီးသိမ်းဆည်းခိုင်းတာတို့ တိုင်ပြန်နုတ်ခိုင်းတာတို့ လုပ်ဆောင်တယ်။
ပြောတာတွေလည်း သိပ်နားမထောင်ကြဘူး။ အခုဆိုရင်လယ်ယာ မြေဥပဒေလည်း ထွက်လာပြီ(ပြင်ဆင်)ဆိုတော့ တိတိကျကျကိုင်တွယ်လို့ ရလာနိုင်မယ်လို့တော့ မျှော်လင့်မိတယ်။
ကိုရာဇာအောင်၊ ဒို့မြေကွန်ရက် အဖွဲ့ဝင်
အစိုးရက မြေယာစီမံခန့်ခွဲမှုမှာ ရှင်းရှင်းလင်းလင်း မရှိဘူးဗျာ။ ဥပဒေအရဆိုရင်တော့ မှန်ကောင်း မှန်နေလိမ့်မယ်။ ဒီဥပဒေတွေကလည်း ပြည်သူတွေအတွက် တကယ်အကျိုးရှိတဲ့ ဥပဒေဟုတ်ရဲ့လားပေါ့။ ဒီမေးခွန်းရှိတယ်ပေါ့နော်။
ပြီးရင် အခြားနည်းသုံးဆိုတဲ့ဟာကလည်း အခြားနည်း အသုံးပြုခွင့် လျှောက်ပြီးမှ ကြိုက်တာလုပ်ပေါ့နော်။ ဒါပေမဲ့ အခြားနည်းသုံး ချထားမှုတွေမှာလည်း ဏူညေ (ဘယ်လိုနေရာဆို ချထားသင့်တယ်။ ဘယ်လိုနေရာဆို မချပေးဘူးဆိုပြီး အစီအစဉ် ရေးဆွဲထားတာ) ရှင်းရှင်း လင်းလင်း မရှိဘူး။
အရေးယူတယ်ဆိုတာလည်း အစတည်းက အရေးယူပါလားပေါ့။ ခုမှ ဘာကြောင့် ခြေလွန်လက်လွန်ဖြစ်ပြီးမှ အရေးယူလဲပေါ့။
ပြီးရင် အဲလို (တန်ဖိုးနည်းမြေကွက်)ဝယ်တာသည် အောက်ခြေ လူတန်းစားတွေ။ ထိခိုက်ရင် အောက်ခြေလူတန်းစားတွေ ထိခိုက်တယ်။
အဲလိုသေးသေးလေးတွေ အရေးယူပေမဲ့ အကြီးကြီးတွေဆို အရေးယူမှု အားနည်းတယ်လေ။ မစိုက်နိုင်ဘဲယူထားတဲ့ စိုက်ပျိုးမြေတွေ ပြန်သိမ်းတာမျိုးတွေကိုတော့ အကောင်အထည်မဖော်ဘဲ ခုလိုသေးသေး တွေ အကောင်အထည်ဖော်တာမျိုးကို အစိုးရအနေနဲ့ စဉ်းစားဖို့လို တယ်ပေါ့လေ။
Dawei Watch