အရာရာတိုင်းအတွက် စံတန်ဖိုး သတ်မှတ်ချက်က ရှိနေမည်မှာ အမှန် ဖြစ်သည်။ သို့သော် တစ်ခုနှင့်တစ်ခု တန်ဖိုး ခြင်းတော့ တူချင်မှ တူမည်။ တစ်စုံတစ်ခု အတွက် ပတ်သက်ဆက်နွှယ်နေသည့် သူ၏ တန်ဖိုးထားမှုစံသည် အခြားတစ်ပါး သောသူ တစ်ဦးတစ်ယောက်အတွက်မူ ကိုက်ညီမှုရှိချင်မှ ရှိပေမည်။ တချို့သော တန်ဖိုးထားမှုများက စံလွဲနေနိုင်သည်။ တစ်ယောက်အတွက် အစာဖြစ်နိုင်ပေမဲ့ အခြားတစ်ယောက်အတွက်မှာမူ အဆိပ် ဖြစ်နေနိုင်သည်။
လူမျိုး၊ ဘာသာ၊ ယုံကြည်မှု၊ ယဉ် ကျေးမှုနှင့် နေရာဒေသ မတူညီပါက စံ တန်ဖိုးများမှာ လွဲနေဖို့ များသည်။ သို့သော် ကမ္ဘာက လက်ခံသတ်မှတ်ထားသည့် အများလိုက်နာတန်ဖိုးထားရမည့် စံများ လည်း ရှိပေမည်။
တစ်ခါတစ်ရံ လူတွေဟာ မိမိလိုချင် သည့် အဖြေရအောင် လောကနိယာမ တရားကို သွေဖည်ဖို့ ကြိုးစားကြသည်။ မိမိလိုချင်သည့် ပုံစံမရရအောင် အတင်း သွတ်သွင်းဖို့ ကြိုးစားကြသည်။ ထိုအခါ နှုန်းစံများ လွဲချော်ကုန်တော့သည်။
ကျွန်တော်လေးစားကြည်ညိုရသည့် နိုင်ငံကျော်ဆရာတော်ကြီးတစ်ပါး၏ ယူဆ ချက်က ကျွန်တော့်ကို အနည်းငယ် အတွေး များစေခဲ့သည်။ ကလေးတွေကို ရိုက်သင့် မရိုက်သင့်ဆိုသည့် မေးခွန်းအပေါ် ဆရာ တော်၏အဖြေကို ယုံကြည်လေးစားမှုအရ ကျွန်တော်လက်ခံချင်မိသော်လည်း မသိ စိတ်က ငြင်းဆန်နေမိပြန်သည်။
ဆရာတော်က အရှေ့တိုင်းယဉ်ကျေးမှု အရ၊ မြန်မာ့ယဉ်ကျေးမှုအရ ရိုက်သည်ကို အပြစ်ဟု မမြင်။ လုပ်ရိုးလုပ်စဉ်ဟုသာ မြင်သည်။ ယဉ်ကျေးမှုတစ်ခုဟုသာ မြင် သည်။ မြန်မာ့ယဉ်ကျေးမှုတွင် ကျောင်း ထိုင်ဆရာတော်၏ ကြိမ်လုံးကို တစ်ရွာ လုံးက ကြောက်ခဲ့ကြရသည်။ စာသင် ကျောင်းမှာ ဆိုလျှင်တော့ ဆရာကြီး၏ကြိမ်လုံးကို တစ်ကျောင်းလုံးက ကြောက် ကြရသည်ပေါ့။
မျက်မှောက်အခြေအနေ နှင့်တော့ အနည်းငယ်ကွဲလွဲနေပေမည်။ ဆိုတော့ အပြစ်လုပ်သူ၊ တာဝန်မကျေသူ များတွက် ရိုက်နှက်ဆုံးမခြင်းသည် သင့် တော်၏ပေါ့။
ဖွံ့ဖြိုးပြီးသောနိုင်ငံများတွင်တော့ လူသားတန်ဖိုးကို အလေးပေးထည့်တွက် ကြသည်။ လူကိုမဆိုထားနှင့် တိရစ္ဆာန်ကို ရိုက်နှက် သည်ကိုပင်လျှင် လက်မခံကြ။
ကျွန်တော်သည်လည်း မြန်မာနိုင်ငံ တွင် မွေးဖွားကြီးပြင်းခဲ့သူပီပီ ကိုယ်တိုင် လည်း အရိုက်ခံခဲ့ရဖူးသလို၊ ကိုယ့်တပည့် တွေကိုလည်း ရိုက်နှက်ဆုံးမခဲ့ဖူးသည်။ သို့သော်လည်း အခုချိန်တွင်တော့ ရိုက် နှက်ခြင်းကို လက်မခံချင်တော့။ တတ်နိုင် သလောက် ရှောင်ကြဉ်မိသည်။
ကျွန်တော် တို့ လူသားဆန်ဖို့လိုသလို လူတွေရဲ့တန်ဖိုး ကို သိဖို့လည်း အရေးကြီးပေသည်။ ရိုက် နှက်ခြင်း၏ အကျိုးအပြစ်ကို သိအောင် လေ့လာကြရပေမည်။
အကြောက်တရားနှင့် ဖိနှိပ်ထားခြင်း က တစ်ချိန်ချိန်မှာ ပြန်လည်တွန်းလှန်ဖို့ သေချာသလောက် ရှိနေပေမည်။ ကျွန်တော် တို့တတွေ ငယ်ရွယ်စဉ်မှာ အရိုက်ခံခဲ့ ရခြင်းကြောင့် မကျေခြင်းတည်းဟူသော ဆူးချောင်းများ စိတ်ခန္ဓာတွင် စိုက်ဝင် နေပေလိမ့်မည်။
ထိုမကျေနပ်ခြင်းဆူးများ က တစ်ချိန်ချိန် ကိုယ်အသာပြန်ရချိန်မှာ ပြန်လည်လက်စားချေဖို့ လောင်စာဖြစ်နေ ပေလိမ့်မည်။ ရိုက်နှက်ဆုံးမတတ်သူများ အားလုံးကို လက်စားချေနေကြသည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ အမြဲတမ်း ရိုက်နှက် ခြိမ်းခြောက်ခံခဲ့ရ သူအဖို့ မသိစိတ်တို့ သည် အလိုလိုခက်ထန်နေပေလိမ့်မည်။ ထိုအခံစိတ်လေးက တစ်ခုခုဆိုလျှင် စိတ် လိုက်မာန်ပါလုပ်ဖို့ အားတစ်ခုဖြစ်နေပေ လိမ့်မည်။ လူငယ်တွေမှာ ထစ်ခနဲရှိ ရိုက်ဖို့နှက်ဖို့ တပြင်ပြင်ရှိနေတတ်ကြ သည်။ ဆွေးနွေးညှိနှိုင်း အဖြေရှာတတ်သည့် အလေ့အထက အားနည်းလှသည်။
တလောက ထားဝယ်တက္ကသိုလ်တွင် ဖြစ်သွားခဲ့သည့် အဖြစ်အပျက်တစ်ခုကို ကျွန်တော့်အနေဖြင့် လက်ခံဖို့ ဝန်လေးနေ မိသည်။ ဓာတ်ပုံရိုက်ခွင့် သတိပေးတား မြစ်သည့် ဗီနိုင်းပိုစတာများကို ဖျက်ဆီး လိုက်ခြင်း ဖြစ်သည်။ ကျွန်တော့်အနေဖြင့် တက္ကသိုလ်က တာဝန်ရှိသူများ၏လုပ်ရပ် ကို ထောက်ခံအားပေးပြီး ကျောင်းသား လေးများကို အပြစ်တင် ပြောဆိုလိုခြင်း မဟုတ်။ ကျောင်းသားလေးများ၏ လုပ်ပုံ လုပ်နည်းကို သဘောမကျသဖြင့်သာ ပြောရခြင်း ဖြစ်သည်။
တက္ကသိုလ် ကျောင်းသားဆိုသည်မှာ ပညာတတ် လူတန်းစားဟု သတ်မှတ်နိုင်သည်။ ပညာ တတ်ဆိုသည်မှာ မိမိစိတ်ကို ချုပ်တည်း နိုင်အောင်ကြိုးစားဖို့ လိုသလို၊ ယဉ်ကျေး ဖို့လည်း လိုပေမည်။ အရိုင်းဆန်သည့် အပြုအမူမျိုးကို တတ်နိုင်သလောက် ရှောင်ကြရပေမည်။
အခုကိစ္စတွင် ဗီနိုင်း များကို ဖျက်ဆီးလိုက်သဖြင့် ပြဿနာ ပြေလည်သွားသည်ဟု ကျွန်တော့်အနေ ဖြင့် မမြင်ပါ။ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးကြ၍သာ ပြဿနာပြေလည်သွား သည်ဟု ယုံကြည်ပါသည်။ ကျွန်တော့် ဆန္ဒအရဆိုလျှင် ဖျက်ဆီးလိုက်ခြင်းထက် တာဝန်ရှိသူများက သူတို့ကိုယ်တိုင် ပြန် လည်ဖြုတ်သိမ်းသွားခြင်းမျိုးကိုသာ ပိုမြင် လိုမိသည်။ ဤသည်ကား ကျွန်တော် တစ်ဦး တစ်ယောက်တည်း၏ ပုဂ္ဂလိက ခံစားချက်အမြင်သာ ဖြစ်သည်။
ထိုဖြစ်ရပ်ပေါ်အခြေခံပြီး ကျွန်တော် ဆက်တွေးဖြစ်သည်က ဓာတ်ပုံကိစ္စ ဖြစ်သည်။ ကျွန်တော်တို့ ပညာရေးက ဘွဲ့ လက်မှတ်ထက် ဘွဲ့ဓာတ်ပုံကို ပိုပြီးတန်ဖိုး ထားနေကြသလား ဆိုတာကိုပါ။
အတွေးအမြင်စာစဉ်ထဲတွင် ဖတ်ခဲ့ ဖူးသည့်ဆောင်းပါးတစ်ပုဒ်ကို ပြန်လည် အမှတ်ရမိသည်။ စာရေးသူနှင့် ဆောင်းပါး ခေါင်းစဉ်ကိုတော့ မမှတ်မိတော့။ အကြောင်း အရာကျောရိုးကိုတော့ မှတ်မိနေသေးသည်။
ရန်ကုန်မြို့တွင်နေထိုင်သော ထို စာရေးသူ၏နေအိမ်တွင် နယ်မှဘွဲ့လာယူ သည့် စာရေးသူ၏ညီမနှင့် တူမတော်တို့ လာရောက် တည်းခိုကြသည်။ ညီမနှင့် တူမဖြစ်သူတို့အတွက် သီးသန့်အခန်း တစ်ခန်း ပြင်ဆင်ပြီးနေရာချပေးသည်။ ဘွဲ့ယူရန်အတွက် ပြင်ဆင်စရာရှိသည် များကို ပြင်ဆင်ကြသည်။ ပြီးတော့ ရသည့်အချိန်လေးတွင် ဘုရားဖူးစရာရှိဖူး၊ လည်ပတ်စရာရှိသည်များကို လည်ပတ် ကြသည်။ ဘွဲ့အလှဓာတ်ပုံကိုတော့ ရန်ကုန် ရှိ နာမည်ကြီး ဆိုင်တစ်ဆိုင်တွင် ကြိုရိုက် ကြသည်။ ဤသို့ဖြင့် ဘွဲ့ယူမည့်နေ့ ရောက်တော့ ဘွဲ့နှင်းသဘင်ခန်းမတွင် ဘွဲ့တက်ရောက်ယူသည်။ ဘွဲ့ယူပြီး နောက်တစ်နေ့တွင် နယ်သို့ ပြန်ကြသည်။
ထိုစာရေးသူလည်း ညီမနှင့်တူမတော် တို့ ပြန်သွားကြပြီး နှစ်ရက်လောက် အကြာမှ သူတို့တည်းခိုသွားသော အခန်း ထဲသို့ ဝင်ကြည့်မိသည်။ အခန်းထဲတွင် စာရွက်လိပ်လေးတစ်လိပ်တွေ့ရသဖြင့် ကြည့်လိုက်တော့ ဘွဲ့လက်မှတ်တစ်ခု ဖြစ်နေသည်။ ပူပူနွေးနွေး ရှိနေသေးသည့် တူမတော်၏ ဘွဲ့လက်မှတ်ပါ။ အရေး ကြီးသည့်ပစ္စည်းမို့ ညီမထံသို့ ချက်ချင်း ဖုန်းဆက်ပြီး အကြောင်းကြားပေးခဲ့သည်။
ညီမဖြစ်သူ၏ ပြောစကားကြောင့် ထိုစာရေးသူအနေဖြင့် အတော်အံ့အားသင့် သွားခဲ့သည်။ သူတို့နှင့်အတူ ဘွဲ့ဓာတ်ပုံ ပါလာပြီး ဖြစ်သောကြောင့် ဘွဲ့လက်မှတ်က သိပ်အရေးမကြီးတော့ ပါတဲ့။ တကယ်ပဲ အရေးမကြီးတော့လို့လား၊ ဘွဲ့လက်မှတ် ရဲ့ အရေးပါမှုကို မသိလို့ဘဲလားဆိုတာ ကတော့ သက်ဆိုင်သူကာယကံရှင်သာ သိပေလိမ့်မည်။
ဒါက ဘွဲ့တစ်ခုကို ပြန်လည်အသုံးချ ဖို့ရယူခြင်းထက် ဂုဏ်ရှိဖို့ရည်ရွယ်ပြီး ရယူခဲ့ကြသူများအတွက် မှန်ကန်သည့် ယူဆချက်ဟု ဆိုကောင်းဆိုနိုင်ပေမည်။
ဘွဲ့ရပေမယ့် အလုပ်အကိုင်ရဖို့ အခွင့်အလမ်းနည်းသည့် ကျွန်တော်တို့ နိုင်ငံမှာ လူငယ်တွေအနေနဲ့ ဘွဲ့လက်မှတ် ထက် ဘွဲ့အလှဓာတ်ပုံကို ပိုတန်ဖိုးထား နေသူတွေ ဘယ်လောက်များ ရှိနေမလဲ တွေးနေမိသည်။
တကယ့်မျက်မှောက်အခြေအနေမှာ ဘွဲ့လက်မှတ်များကို စုဆောင်းရတာ ခံတွင်းတွေ့နေကြသည့် လူငယ်များလည်း ရှိသေးသည်။ သင်တန်းမှန်သမျှ အကုန် တက်၊ ရနိုင်သမျှဘွဲ့လက်မှတ်များကို အကုန်ယူကာ သင်တန်းပျော်ကြီးများ ဖြစ်နေပါတော့သည်။ ထိုလက်မှတ်များက ကိုယ်သွားမယ့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းနဲ့ ကိုက်ညီမှု ဘယ်လောက်ရှိမလဲ ဆိုတာကို တွက်ဆပြီးမှ ရယူကြလား ဆိုသည်ကိုတော့ မပြောတတ်။ မင်္ဂလာ ဆောင်ဖိတ်စာမှာ အမြီးရှည်ဖို့တစ်ခုတည်း အတွက်၊ လူအထင်ကြီးစေဖို့တစ်ခုတည်း အတွက် ဆိုလျှင်တော့ အချိန်တွေ၊ ငွေ တွေကို နှမြောဖို့ ကောင်းလေစွ။
အချုပ်ဆိုရသော် ထိုကဲ့သို့ စံလွဲ တန်ဖိုးထားနေကြသည်မှာ၊ အကောက် အယူလွဲနေကြသည်မှာ တစ်နေရာတည်း တွင်တော့ မဟုတ်။ အရွယ်စုံ၊ နေရာစုံ၊ နယ်ပယ်စုံတွင် ဖြစ်နေကြခြင်း ဖြစ်သည်။ မည်သည့်အကြောင်းတရားတို့က ထိုကဲ့သို့ ဖြစ်သွားစေခဲ့သလဲ။
ပညာရေးစနစ် အားနည်းခြင်း ကြောင့်လော. . . . .။
သန်းဇော်ဦး (ရလိုင်)