ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၏ လက်နက်သိုလှောင်ရုံထဲရှိ သေနတ်များကို ကရင်လက်နက်ကိုင်များအဖွဲ့သို့ ခိုးယူရောင်းချမှုနှင့် ဆက်စပ်ပြီး ထိုင်းအမျိုးသမီးတစ်ဦးကို ဇန်နဝါရီလ ၁၈ ရက်က ဖမ်းဆီးခဲ့ကြောင်း အထူးစုံစမ်းစစ်ဆေးရေးဌာန (CIB) နှင့် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ဘန်ကောက်မြို့ ဘန်ခေးနယ်မြေရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ၏ လက်နက်သိုလှောင်ဌာနထဲက သေနတ်နှင့် ကျည်ဆန်များ ကို ထိုင်းရဲတပ်ဖွဲ့ဝင်များက ကရင်လက်နက်ကိုင်အဖွဲ့များထံသို့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလတွင် ခိုးယူရောင်းချခဲ့သည်။
ယင်းအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင် ၁၀ဦး ဖမ်းဆီးခံထားရပြီး ၎င်းတို့နှင့် ဆက်စပ်သည့် အသက် ၄၉ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးကို ၂နှစ်ကျော်အကြာတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါအမျိုးသမီးကို ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် အုန်းဖန်းဒေသရှိ နေအိမ်တွင် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
လက်နက်များကို ခိုးယူရောင်းချသဖြင့် ရဲတပ်ကြပ်တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် ရှစ်ဦးကို ငွေကြေးခဝါချမှုနှင့် ခိုးယူမှုများဖြင့် တရားရုံးက ဝရမ်းထုတ်ကာဖမ်းဆီးထားပြီးဖြစ်ကြောင်း ဖော်ပြသည်။
ယင်းအပြင် ခိုးယူထားသော လက်နက်များကို ကြားခံပွဲစားဖြစ်သူ ထိုင်းအမျိုးသမီးထံသို့ ရောင်းချခဲ့သည့် ဒုရဲမှူးကြီးတစ်ဦးကိုလည်း တရားရုံးက ဖမ်းဝရမ်းထုတ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
ဒုရဲမှူးကြီးက ထိုင်းအမျိုးသမီးထံသို့ ခိုးယူရောင်းချပေးသော လက်နက်များမှာ M16 A1 သေနတ် ၄၃ လက်နှင့် ကျည်ဆံများဖြစ်ပြီး ဘတ် သုံးသန်းကျော်တန်ဖိုးရှိကြောင်း သတင်းတွင် ဖော်ပြသည်။
ဒုရဲမှူးကြီး ဖမ်းဆီးခံရပြီးနောက် ၎င်းရောင်းချခဲ့သော ကြားခံအမျိုးသမီးကို ဖမ်းဆီးနိုင်ရေး သက်သေများစုဆောင်းကာ စုံစမ်းစစ်ဆေးနေခဲ့ရာမှ ယခုနှစ် ဇန်နဝါရီလတွင် ဝရမ်းထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အမျိုးသမီးနှင့်အတူ ပစ္စတိုတစ်လက်၊ ကျည်ဆန်အချို့၊ မိုဘိုင်းလ်ဖုန်းနှင့် ဘဏ်စာရွက်စာတမ်းများကိုလည်း သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။
လက်နက်များအား ဝယ်ယူသုံးစွဲမှု၊ ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်ဆောင်မှုနှင့် ခိုးယူပစ္စည်းများ လက်ဝယ်ထားရှိမှုများဖြင့် အဆိုပါထိုင်းအမျိုးသမီးကို အမှုဖွင့်ထားသည်။
အမျိုးသမီးကလည်း စွပ်စွဲချက် အားလုံးကို ငြင်းဆိုထားကြောင်း သတင်းတွင် ဖော်ပြသည်။
လက်နက်များကို ရောင်းချခဲ့သည်ဆိုသည့် လက်နက်ကိုင်အဖွဲ့၏ အမည်ကိုမူ သတင်းများနှင့် ထုတ်ပြန်ချက်တို့တွင် ဖော်ပြထားခြင်း မရှိပေ။
Ref: CIB, Khaosod Online, Daily News