မြိတ်မြို့တွင် ဆေးခန်းလာပြသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဖမ်းဆီးခံရသူနှင့်နီးစပ်သည့် ဒေသခံများထံမှ သိရသည်။
တနင်္သာရီမြို့နယ် သာရဖုံကျေးရွာက အသက် ၃၅ နှစ်အရွယ် ဒေါ်နှင်းအိလင်းသည် ကိုယ်ဝန်ကို ဆေးခန်းပြရန် မြိတ်မြို့သို့ရောက်နေစဉ် ဇန်နဝါရီလ ၁၇ရက်တွင် ဖမ်းဆီးခံရကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ကိုယ်ဝန်ခြောက်လခန့်ရှိပြီဖြစ်သည် အဆိုပါအမျိုးသမီးကို မြိတ်မြို့ရှိ ပုလဲဖြူဟိုတယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။
“အဲဒီမိန်းကလေးက အရင်က ဘိတ် (မြိတ်) လေယာဉ်ကွင်းနားမှာနေတာ။ ပြီးတော့ သူအမျိုးသားရှိတဲ့ သာရဖုံဘက်မှာ လာနေတာ။ ကိုယ်ဝန်ရှိတော့ ဆေးခန်းပြဖို့ဆိုပြီး ဘိတ်တက်သွားတာ အဖမ်းခံလိုက်ရတယ်” ဟု အထက်ပါ နီးစပ်သူက ပြောဆိုသည်။
လက်ရှိတွင် အဖမ်းဆီးခံရသည့်အကြောင်းအရင်းကို မသိရသေးသလို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်း ထားသည်ကိုလည်း မသိရသေးကြောင်း အမည်မဖော်လိုသည့် နီးစပ်သည့် အခြားအမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့အပြင် ကိုယ်ဝန်သည်အမျိုးသမီး မြိတ်သို့သွားချိန် စီးနင်းလိုက်ပါသွားသည့် ယာဉ်၏ ယာဉ်မောင်းအမျိုးသား ကိုလည်း ဇန်နဝါရီ ၁၈ရက် နေ့လယ်ပိုင်းတွင် မြိတ်မြို့နယ်ရှိ ကျောက်ဖြူတောင်လမ်းဆုံ၌ စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးခဲ့ကြောင်း ယာဉ်မောင်းနှင့်ရင်းနှီးသည့် တနင်္သာရီမြို့နယ် မော်တုန်းရွာဒေသခံများက ပြောသည်။
ယာဉ်မောင်းအား ဖမ်းဆီးခဲ့သည့်ကိစ္စနှင့် မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကိုလည်း မသိရသေးပေ။