BREAKING
January 20, 2025

မွန်တော်လှန်ရေးတပ်ဖွဲ့လေးဖွဲ့ ပူးပေါင်းပြီး ရာမညပူးတွဲစစ်ကြောင်းဖွဲ့စည်း

January 20, 2025

ပုံစာ - မွန်တော်လှန်ရေးတပ်ဖွဲ့ လေးဖွဲ့ ၏ ခေါင်းဆောင်များ။ ဓာတ်ပုံ - တော်လှန်ရေးတပ်ဖွဲ့။

မွန်တော်လှန်ရေးတပ်ဖွဲ့ လေးဖွဲ့ ပူးပေါင်းပြီး ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းလိုက်ကြောင်း မွန်တော်လှန်ရေးတပ်ဖွဲ့တို့က ဇန်နဝါရီလ ၁၉ ရက် ညနေပိုင်းတွင် ထုတ်ပြန်သည်။

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ် ရေးတပ် (MSDF) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ဇန်နဝါရီလ ၁၇ ရက်က အစည်းအဝေးကျင်းပပြီး အဆိုပါစစ်ကြောင်းကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ရာမညပူးတွဲစစ်ကြောင်းဖြင့် ပူးတွဲစစ်ဆင်ရေးများကို အတူတကွ ပြုလုပ်သွားဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မွန်လက်ကိုင်တပ်ဖွဲ့များအားလုံး တစ်စုတစ်စည်းတည်း ပေါင်းစည်းပြီး စစ်ရေးလှုပ်ရှားနိုင်မှသာလျှင် ဘုံရန်သူဖြစ်သည့် စစ်ကောင်စီကို တိုက်ခိုက်ရာတွင် အောင်မြင်မှု ရရှိလာမည်ဖြစ်ကြောင်း အဆိုပါစစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။

“တကွဲတပြားစီ တိုက်ပွဲဝင်နေရင် ဘုံရန်သူကို တိုက်ခိုက်တဲ့နေရာမှာ အောင်မြင်မှု ရလာမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ အခု ဖြစ်ပေါ်တိုးတက်နေတဲ့ စစ်ရေး၊ နိုင်ငံရေးအရပဲပြောပြော နောက်နောင်လွတ်လပ်လာပြီးတဲ့အချိန်မှာ မွန်ပြည်နယ်ကို ကိုယ်စားပြုတဲ့ မွန်အမျိုးသားကိုကိုယ်စားပြုတဲ့ တပ်တစ်တပ်ဖြစ်လာဖို့ အခုကတည်းက အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ရက်ကလည်း MNLA-AD၊ MSDF၊ MSRF နှင့် MLA တပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တစ်ခုတည်းသော “မွန်တပ်တော်” ဖွဲ့စည်းရေး သဘောတူဆုံးဖြတ်ခဲ့ကြသည်။

စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် မွန်တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက တွေ့ဆုံဆွေးနွေးလာခဲ့ကြသည်။

စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် မွန်တော်လှန်ရေးတပ်တို့က စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်အမျိုးမျိုးကို အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားပြီး အချုပ်အခြာအာဏာနှင့် ပြည့်ဝသော မွန်ပြည်ထူထောင်နိုင်သည်အထိ မဟာမိတ်တပ်များအဖြစ် အတူတကွပူးပေါင်း တိုက်ပွဲဝင်သွားရန် သဘောတူထားခဲ့ကြသည်။