လွန်ခဲ့သောနှစ်က လွန်ရှာလေသောဆရာကြီးမှက် (ဂျိမ်းစကော့)ကို သတိရမိသား။ သူကား အစိုးမိုးမခံခြင်းအနုပညာ (The art of not being governed) စာအုပ်ကိုရေးခဲ့သူ။
ယခုတလော သူချန်ခဲ့သည့် စာများကို ကြည့်ဖြစ်နေရာ တောင်တွေးမြောက်တွေး နှင့် ချမ်းချမ်းစီးစီးသည်ဆောင်းတွင်းထဲ ရောက်တတ်ရာရာ အတွေးခရီးသွားနေသည်။
သည်လိုဆောင်းတွင်းကြီးထဲ မြန်မာပြည်၏ အရေးကြီးသော နေ့ အချို့ကိုလည်း အမှတ်ရနေရသည်။
ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည့် ပြည်ထောင်စုနေ့၊ ဗြိတိသျှတို့ထံက လွတ်လပ်ရေးယူခဲ့သည့် လွတ်လပ်ရေးနေ့တို့ပင်။
ထိုနေ့များ၏ မြန်မာပြည်အရုဏ်ဦးကား မြူနှင်းများနှင့် အုံ့ဆိုင်း၍ ဝိုးတဝါးမြင်ကွင်းများဖြင့် မသဲမကွဲရှိခဲ့သည်လားမပြောတတ်တော့။ ဝိုးတဝါး မြူတွေဟာ အခုထိလည်း အုံ့ဆိုင်း မှုန်မှိုင်းလို့ကောင်းနေတုန်းထင်ရဲ့။
လွတ်လပ်ရေးနေ့ ဆိုပြန်ရင်လည်း အင်္ဂလိပ်အောက်ကသာ လွတ်လပ်ရေးရခဲ့တာ ကိုယ်တို့ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက် အတော်များများက လွတ်လပ်တယ်ဆိုတာ ချို(ဂျို)နဲ့လား လို့မေးရမယ့်အဖြစ်မျိုးပဲ။
မြန်မာပြည်ဟာ အကျဉ်းထောင်အကြီးစားကြီးလို့ စာရေးဆရာတချို့ကတင်စားကြတယ်။ ဒီနေ့ခေတ် အကာလ အခါမျိုးဆို ပိုဆိုးသပေါ့။
ပြီးတော့ ပြည်ထောင်စုနေ့တဲ့။ လူရွှင်တော်တွေ ပြက်ကြသလို ပြည် ထောင်မှာ စုနေရတာမျိုးလား။ တချို့က ငေါ့တော့တော့ ခနဲ့တဲ့တဲ့ ပြည်ထောင်ဇွတ် လို့ ဆိုကြသေး။
ပင်လုံကတိကဝတ်တွေ ချောင်ထိုးခံ လိုက်ရပြီးနောက်မှာ ပင်လုံစာချုပ်နဲ့ ပြည်ထောင်စု စိတ်ဓာတ်ဆိုတာတွေဟာ စကားလုံးအဖြစ်ကနေ အသက်မဝင်လာခဲ့ဘူးပေါ့။
မတူညီတဲ့ တိုင်းရင်းသားရိုးရာဝတ်စုံတွေ ဝတ်ပြီး စုကကြ၊ အားကစားပြိုင်ပွဲနဲ့ ပျော်ပွဲ ရွှင်ပွဲကျင်းပကြတာလိုမျိုးနဲ့ပဲ ပြည်ထောင်စုနေ့ဟာ ရုပ်သေးလိုပဲ။ အသက်မဲ့တယ်။ သေနတ်ပြောင်းဝက ထွက်တဲ့ အာဏာရိုင်းနဲ့ မတူညီတဲ့ နိုင်ငံရေးအမြင် အတွေးရှိကြသူတွေ၊ လူနည်းစု တိုင်းရင်းသားတွေကို ဇွတ် ချုပ်ကိုင်ပြီး စုထားခဲ့တဲ့ ပြည်ထောင်စု ပေါ့။
တို့အားလုံး မြန်မာပေါ့။ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင် နဲ့ အလောင်းမင်းတရားပေါ့။ အဲလို ဇာတ်ကြောင်းမျိုးပေါ့။
မြန်မာရယ်လို့ ဂုဏ်ယူဖို့ကလည်း နိုင်ငံတကာအလည်၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကြားမှာကြည့်ပြန်တော့လည်း ကိုယ့်နိုင်ငံက ဘနားနား သမ္မတ နိုင်ငံတော် (Banana Republic) ဖြစ်နေတာရယ်။
ကိုလိုနီနှောင်းခေတ်အရှိန်နဲ့ လွတ်လပ်ပြီးခေတ်ဦးက ကြီးပွား တိုးတက်ခဲ့တဲ့ နေ့ရက်တွေဆိုတာ လွမ်းစရာကြီးပါဗျာလို့ ဆိုရုံသာရှိတယ်။ လူသူလေးပါး အလေးထားခံရတဲ့ နိုင်ငံဟဲ့၊ နိုင်ငံသားတွေဟဲ့ ဟုတ် မဟုတ် ဆိုတာလိုမျိုးက မြန်မာပြည်အပြင်ဖက်ထွက်လိုက်ရင် သိပါသော်ကော။
စစ်အာဏာရှင်တို့ အရိပ်ဆိုးက လည်း ကပ်ကပ်ပါနေတတ်တာမျိုး။ မွဲတဲ့ရွှေပြည်က၊ ရာဇဝတ်ထူပြောတဲ့အရပ်က၊ အေအိုင်ခေတ်ထဲ မီးနပ်မမှန်တဲ့ မြန်မာပြည်ကြီးက လူဆိုတော့ နိုင်ငံတကာထွက်ရင် လူဝင်မှုကြီးကြပ်ရေးတွေက ဂရုတစိုက်နဲ့ အလေးပေးဆက်ဆံခံရတာမျိုးပေါ့။
အဲတော့ မြန်မာပြည်ကြီး ကိုလိုနီဝမ်းက ကျွတ်ခဲ့တာ စိန်ရတုကျော်ပြီ။ လူတလုံးသူတလုံးဖြစ်လာ မလာက တော့ စာဖတ်သူများ စဉ်းစားကြည့်တော်မူကြပါ။ သူငယ်နာများ မစင်သေးဘူးလား။
သွက်ချာပါဒဝေဒနာစွဲနေတဲ့ အရပ်လားပေါ့လေ။ အရှေ့တောင်အာရှရဲ့ နောက်ဆုံး ငရဲဘုံလားပေါ့။ ဘာလို့ ဒီလိုများ ဖြစ်နေခဲ့သလဲ။ ထူထူထောင်ထောင်ဖြစ်မလာခဲ့သလဲ။ အမေးပုစ္ဆာရှိကြတယ်။ နိုင်ငံတော် တည်ဆောက်ရာမှာ ဘာတွေများ မှားခဲ့ကြလဲပေါ့။
ဒီလိုနဲ့ ဆရာကြီးရွှေရိုး (ခ) မောင်မှက် (ခ) ဂျိမ်းစကော့ရဲ့ စာတချို့ဖတ်ရင်းနဲ့ အတွေးတချို့ရတယ်။ သူက မြန်မာပြည်လိုမျိုး ကွဲပြားစုံလင်တဲ့ အရပ်က တောင်ပေါ် ရပ်ဝေး နယ်ခြားက လူတွေကို သုတေသနပြုခဲ့သူဆိုတော့ သူ့အတွေးအမြင် တွေ့ရှိချက် အချို့က စိတ်ဝင်စားဖို့ကောင်းလှတယ်ရယ်။
Seeing like a state (မြန်မာလိုပြန်ရင်တော့ နိုင်ငံတော်အစိုးရနေရာက ရှုမြင်ကြည့်ခြင်း လို့ပြန်သော် သင့်မလား မသိ) ဆိုတဲ့ သူ့စာအုပ်ရှိတယ်။ အဲဒီအထဲက အချို့အချက်တွေကို မှီးပြီး ပြောကြည့်မှာပ။
နိုင်ငံတော် ထူထောင်တယ်၊ တိုင်းပြည်တည်ဆောက်တယ်ဆိုရာမှာ ပင်မပြဿနာဖြစ်နိုင်တာက ကဏ္ဍများစွာ နေရာများစွာမှာ အစိုးရ (အုပ်စိုးသူ)တွေက ရှင်းလင်းတိကျပြတ်သားအောင်လုပ်ဆောင်ချင်တာမျိုးပါတဲ့။
အရှုပ်တွေအားလုံးကို ရှင်းသွားအောင် လုပ်မယ် ဆိုတာမျိုးပေါ့။ အဲလို လုပ်ချင်တာ၊ မရှင်း ရှင်းသွားအောင် ဇွတ်လုပ်တာမျိုးက ပြဿနာပဲတဲ့။ အစိုးရဖက်ကကြည့်ရင် သူ့နယ်မြေထဲမှာ တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်း ဆိုတာတွေက အလုပ်မတွင်လှဘူး။
ထိန်းရပြုရ မလွယ်ဘူးပေါ့။ ဒီတော့ အဲလို မတူကွဲပြားတာ၊ ဒွေးရောယှက်တင်ဖြစ်နေတာ၊ ရှုပ်နေတာပဲလို့ထင်တာတွေကို မရရတဲ့နည်းနဲ့ ရိုးစင်းသွားအောင်လုပ်ပစ်တယ်၊ အရာအားလုံးဟာ တိတိပပ၊ ပြတ်သားရှင်းလင်း အလွန်ရိုးစင်း ဆိုတာလိုမျိုး လုပ်ပစ်တတ်တယ်တဲ့။
သာဓကတွေပေးထားတယ်။ တရားဝင် ရုံးသုံးစကားဆို တမျိုးတည်းထားရင်တော်ပြီပေါ့။ ကျောင်းပြဋ္ဌာန်းစာအုပ် တွေ သင်ရိုးတွေလည်း ဘာသာစကား တမျိုး၊ နှစ်မျိုး တော်ပြီပေါ့။ အလေး၊ တင်း၊ တောင်း၊ အချိန်၊ အခြင်အတွယ်၊ အတိုင်းအတာတွေလည်း တသမတ်တည်းရှိရမတဲ့။
မြေပုံထုတ်မယ်ဆိုရင်လည်း တိတိပပ နဲ့ စပါး စိုက်ဧက ဘယ်လောက် သစ်မာ ကျွန်းက ဘယ်မျှ၊ သတ္တုမိုင်း နဲ့ သစ်တောကြိုးဝိုင်း၊ လူနေအိမ်ရာ ဘယ်ရွေ့ ဘယ်မျှကျယ်တယ် ရှိသလဲ အဲလို အတိအကျရှိစေရမယ်။
ဒါမှ အစိုးရက အခွန်အတုပ် စည်းကြပ်တာ လွယ်တယ်။ တွက်ရချက်ရ နိုင်နင်းမယ်ပေါ့။ နိုင်ငံသားတွေ ဦးရေဘယ်လောက်၊ ဘယ်လောက်က ဘယ် ဘာသာဝင်၊ ဘာလူမျိုး အဲလို တိတိပပ စာရင်းနဲ့ အင်းနဲ့သိတော့ စောင့်ကြည့် ထိန်းချုပ် လုပ်လို့ လွယ်သပေါ့။ စစ်မှုထမ်းဆင့်ခေါ်ဖို့ မခက်ဖူးပေါ့။
နိုင်ငံတော်လုံခြုံရေးအကြောင်းပြုလို့ စောင့်ကြည့် ထောက်လှမ်း ခြေရာခံ စနစ်တွေ လုပ်လို့ရတာပေါ့။ ဒီလိုဟာ တွေလုပ်ဖို့ အစိုးရစီမံကိန်း၊ စီမံချက်တွေနဲ့ ဥပဒေ စိုးမိုးရေး ဘာညာနဲ့ပေါ့လေ။ အဲလို လုပ်တတ်ကြတယ်။
ဒါပေသိ အဲလိုမျိုး စံနှုန်းတပြေးညီသတ်မှတ်တာ၊ အားလုံးကို ရိုးစင်းရှင်းလင်းသွားအောင် လုပ်ဆောင်လျက် အစိုးရ ထိန်းချုပ်စီမံမှုကောင်းအောင် ပြုလျက်သားနဲ့ ဘယ်နှယ့်ကြောင့် တိုင်းပြည်တည်ဆောက်တာ၊ နိုင်ငံတော် ထူထောင်တာတွေမှာ မအောင်မမြင်ဖြစ်၊ ကျရှုံး၊ နောက်ပြန်သွားတာမျိုးဖြစ်သလဲလို့ မေးခွန်းထုတ်တယ်။
မတူကွဲပြားမှုတွေ ရှုပ်တွေနေတယ်လို့ ထင်ရမြင်ရ ယူဆရတဲ့ အရာတွေရဲ့ နောက်ခံ အကြောင်းရင်းခံကို လက်မခံဘဲ အတင်းလုပ်ယူလို့ လို့ ဆိုရမယ်။ အစိုးရသူများရဲ့ အမြင် ရှုထောင့်မှာ အရေးမပါဘူးလို့ ထင်တဲ့၊ ထည့်မတွက်ခဲ့တဲ့ အရာတွေကပဲ ဒုက္ခပေးတယ်လို့ဆိုတယ်။
ဥပမာ အစိုးရက သစ်တောတွေကို ကြည့်၊ သစ်ပင်တွေလေ့လာ မျိုးခွဲပြီး သစ်ထုတ်လုပ်ရင်တော့ ဘယ်လောက်အခွန်ရမလဲဆိုတာမျိုး၊ ဘယ်နှဧက ဆိုရင်တော့ ဘယ်နှတန် အစရှိသဖြင့် ငွေမျက်လုံး တခုနဲ့ပဲကြည့်တာမျိုးပေါ့တဲ့။
တကယ်တော့ ထိုသစ်တော လေးနဲ့ အနီးအနားက တောသူတောင်သားတွေကြားက စည်းနှောင်မှု၊ မှီခိုအားထားမှု၊ ကိုးကွယ်ယုံကြည်ရာ အရ ဆက်နွယ်နေမှုဆိုတာတွေက ချန်ထားရစ်ခံခဲ့ရတာမျိုး၊ အသိအမှတ်ပြုမခံရတာမျိုးရှိနိုင်ပါတယ်တဲ့။ ဒါက သိသာတဲ့ ဥပမာလေးတခုသာပါပဲ။
ကိုယ်တို့ရဲ့ ရွှေပြည်ကြီးကို ပြန်ကြည့်တော့လည်း ဆရာရွှေရိုး ထောက်ပြတဲ့ အချက်လိုပဲ ပြည်ထောင်ဇွတ်၊ တသွေးတသံတမိန့် နဲ့အာဏာရှင် ရဲ့ ဇွတ်အတင်းသွတ်သွင်း လုပ်ယူခဲ့တဲ့ အရာတွေကပဲ ပြဿနာတွေများ၊ ပွား နေခဲ့တာများလားလို့ တွေးမိတယ်။
ဗမာစကား၊ ဗမာစာကို နိုင်ငံရဲ့ စာအဖြစ် တမျိုးတည်းသော တရားဝင် ရုံးသုံးစာလုပ်တယ်။ အခြားဘာသာတွေကျတော့ အားမပေးသလို နှိပ်ကွပ်ပစ်ခဲ့တာမျိုး။ နိုင်ငံ့မြေပုံဆိုရင်လည်း တိုင်းက ဘယ်နှခု၊ ပြည်နယ်က ဘယ်နှခု ဘယ်နေရာ အဲလိုတိတိပပ ဇွတ်လုပ်ပစ်တယ်။ ဒို့တာဝန် အရေးသုံးပါး သာဦးထိပ်ထားရမတဲ့။
ဒါက နိုင်ငံရေးဖက်ကကြည့်ရင်တော့ အတော်လေး အငြင်းပွားဖွယ်ပေါ့။ မဆလ၊ နဝတ၊ နအဖ ခေတ်တလျှောက်ကြည့်ပါဦးလား။
တိုင်းပြည်ကြီး မွဲပြာကျသွားစေတဲ့ မြန်မာ့နည်းဟန်ဆိုရှယ်လစ်တဲ့။ သမဝါယမတဲ့။ ကြက်ဆူဆီတဲ့။ ဘာညာစီမံကိန်းနဲ့ မြေသိမ်းယာသိမ်း၊ တပ်မြေမကျူးကျော်ရ စီမံကိန်းများတဲ့။ မြန်မာ့ ပညာရေးဆိုလည်း အစကောင်းခဲ့သလိုပေမဲ့ ဘာလိုတွေဖြစ်သွားမှန်းမသိ။
ကျက်ကျူကေးရှင်းလို့ သရော်ကြတယ်။ မိခင်ဘာသာစကားအခြေမပြုရ။ မြန်မာစာ ဆိုပြီးဇွတ်လုပ်ယူခဲ့ပြန်တယ်။
အဲလိုလုပ်တော့ မြန်မာပြည်ကြီး စည်းနှောင်မှုကောင်းသွားခဲ့လား။ အလွန်အောင်မြင်ထိရောက်သော စီမံကိန်း ကြီးများဖြစ်ခဲ့သလား။ မေးစရာပေါ့။ မြန်မာပြည်လို မတူကွဲပြားလှတဲ့ နိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ စုဆုံနေထိုင်ကြတာမို့ ဇွတ်အတင်း စုပေါင်းညီညာလုပ်တာဟာ အောင်ကြောင်းမဖြာခဲ့တာမျိုးလို့ ဆိုရမလားပဲ။
နိုင်ငံရေးအရကြည့်ရင်လည်း မြန်မာစစ်တပ်ဟာ ဘယ်အချိန်တုန်းကမှ မြန်မာပြည်တနံတလျားကို အာဏာစက် အပြည့်သက်ရောက်ခဲ့တယ်ဆိုတာမျိုး ပြောဖို့ခက်တယ်။
တိုင်းရင်းသားအတော်များများဟာ သူတို့ရဲ့ ရိုးရာ အစဉ်အလာ၊ ဓလေ့ထုံးတမ်း၊ စာပေယဉ်ကျေးမှု မပျောက်ဖို့၊ လက်ဆင့်ကမ်းဖို့ နည်းအမျိုးမျိုးနဲ့ ရုန်းကန်နေခဲ့တာပါပဲ။
လက်တွေ့မကျတဲ့ စနစ်တွေ၊ စီမံကိန်းတွေ၊ အမိန့်တွေကြားမှာ ပြည်သူလူထုဘဝဟာ သိပ်ပင်ပန်းခဲ့တယ်။ မဆလရဲ့ သမဝါယမခေတ်ဟာ မှောင်ခိုခေတ် ဆိုတာမျိုးဖြစ်ခဲ့တာပဲ။
တကယ်တော့ ဇွတ် အတင်း တမျိုးတမည်တည်းအဖြစ်ကို လုပ်ယူခြင်းဟာ လိုချင်တဲ့ ရလဒ်ထွက်ဖို့ ခက်တာရယ်။ အချို့ဘုရင်တွေ သက္ကရာဇ်ဖြိုတယ် မပြိုဘူး ဆိုတာမျိုးကြားဖူးလိမ့်မယ်။
သူက သူ့အလိုကျ ဖြိုခိုင်းပေမဲ့ ဒီဖက်ကပြည်သူတွေဖက်ကကြည့်ရင် သက္ကရာဇ်တို့ နေ့ရက်တို့ဆိုတာ အရေးကြီးတဲ့ အမှတ်တရ တွေ ယဉ်ကျေးမှု ဓလေ့တွေနဲ့ ထုံမွှန်းနေတာမျိုးမို့ ဖျက်ဖို့ခက်မယ်ထင်တယ်။
အစိုးရက သူ့နိုင်ငံထဲ ရှိနေတဲ့ သူတချို့ကို ဘာလုပ်နေလဲ ဆိုတာ သိချင်ပေမဲ့ အချို့သောသူတွေများက ရာဇဘေးကို ရှောင်ချင်လို့ နိုင်ငံရေးနဲ့ ခပ်ဝေးဝေးမှာ အေးအေးလူလူနေချင်နေမယ်၊ သိုသိုသိပ်သိပ်နေချင်မယ်။
နေပြည်တော်ကနေ ဘာမှန်းမသိတဲ့ ညွှန်ကြားချက်တွေကို အာရုံနောက်နေမယ်။ ဘယ်သူကမှ သူတို့ကို စိုးမိုးအုပ်ချုပ်တာမျိုးကို မခံချင်လို့ တနယ်တကျေးရပ်ဝေးမှာ ခိုနေတဲ့သူတွေလည်း ဖြစ်နေနိုင်တယ်။
ဒီလိုမျိုး မတူကွဲပြားတာကို ဇွတ်အတင်း တခုခု တူလာအောင် ကြပ်မတ်ဖိအားပေးတာမျိုးဟာ ခုခံမှု တော်လှန်မှု ဆန့်ကျင်မှုနဲ့ ကြုံနိုင်တာပ။
အခုခေတ်မှာလည်း လူတွေမှာ သူ့အကြောင်းနဲ့သူ အဆင်ပြေလို့ ဒေသန္တရ အသုံး၊ ဒေသိယ အလေ့အထတွေက တော့တွင်နေတုန်း။ ဘယ်လောက်ပဲ ကီလိုတွေ၊ အောင်စတွေ၊ နာရီတွေပြောပြော တခေါ်လောက် ဝေးတာပဲ။
ကွမ်းတယာညက်လောက်ပါကွယ်။ တပြလောက်ရှိမပေါ့။ ထန်းရည် တပိဿာလောက်၊ တမြူလောက်၊ ဝါးတပြန်လောက်၊ လက်နှစ်လုံးလောက်၊ တလံလောက်၊ တတောင့် တထွာလောက်၊ နေထန်းတဖျားလောက် ဆိုတာတွေက ရှိဆဲပဲ။
လက်သမားတွေများ ငါးမူးလုံး တကျပ်လုံး သုံးမတ်လုံးလို့ ပြောကြတုန်းရယ်။ သည်လို ကွဲပြား ရှုပ်ထွေးပြီး အမျိုးစုံတာကတော့ အစိုးရမင်းများအတွက်တော့ မျက်စိလည်စရာပေါ့။ ခက်စရာပေါ့။
ဒါပေသိလည်း ဒါတွေကို ပြောင်းပစ်တာမယ်ဆိုပြီး ဇွတ်အတင်း အမိန့်အာဏာနဲ့ လုပ်ယူတာကတော့လည်း အဆင်မပြေနေပြန်ဘူး။ လူတွေမှာက သူ့အစွဲကလေးနဲ့သူကိုး။ ဒါလေးအရေးကြီးပါတယ်။
ဇွတ် လုပ်ယူ တာထက် ဘာတွေများက ဘုံဆိုင်ဖြစ်လို့ရမလဲ ငြိမ်းချမ်းသောနည်းလမ်းနဲ့ အဖြေရှာရမှာပါ။ လူတွေ စနစ်တွေ မူတွေဟာ ပြောင်းလဲလာနေမှာပါပဲ။ ကိန်းသေမဟုတ်ဘူးကိုး။ အချိန်တော့ ယူနိုင်ပါတယ်။
ချမ်းလှတဲ့ဆောင်းတွင်းထဲ အချုပ်တန်း ဆရာဖေရဲ့ ဆောင်းရတုပွဲလေးချိုးထဲက စာသားတချို့ကို သတိတရရှိမိပါတယ်။
သူ့ရဲ့ကဗျာမှာ ရှေးမြန်မာအချိန်စနစ်ကို ထည့်ရေးခဲ့တယ်။ မျက်တခတ် ပြက်လျှပ်ကယ် တဗီဇနာမျှ တဲ့။ လှလိုက်တဲ့ အသုံးပါ။
ငုယဉ်ခိုင်
ကိုးကား – Scott, James C. (1998). Seeing like a state : how certain schemes to improve the human condition have failed. Yale University Press.