BREAKING
September 20, 2024

ကျိုက်ထိုတွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

January 20, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာတွင် ဇန်နဝါရီလ ၁၉ ရက်နေ့က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့က ပြောသည်။

မုပ္ပလင်ကျေးရွာ၊ ဈေးတန်းရပ်ကွက်နေ အသက် ၆၈ နှစ်အရွယ် ဦးတင်အေး (ခ) ဦးပြူးကြောင်သည် ယမန်နေ့ ညနေ ၃ နာရီ ဝန်းကျင်အချိန်ခန့်က ဆိုင်ကယ်စီးလာစဉ် မုပ္ပလင် အ.ထ.က ကျောင်းအနီး အရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

အနောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာသည့် သေနတ်သမားနှစ်ဦးတို့က ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“ဦးတင်အေးက သေနတ်ဒဏ်ရာတွေနဲ့ အခင်းဖြစ်တဲ့နေရာမှာဘဲ သေဆုံးသွားခဲ့တာပါ” ဟု မုပ္ပလင်ဒေသခံတစ်ဦး က ပြောသည်။

ဦးတင်အေး (ခ) ပြူးကြောင်ကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ထုတ်ပြန်ထားသည်။

ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးတင်အေးသည် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းပြီး စစ်ကောင်စီ ကို သတင်းပေးတိုင်ကြားခြင်း၊ ပြည်သူကို အမျိုးမျိုးဒုက္ခပေးနေသည့်အတွက် ပစ်ခတ်ရှင်လင်းလိုက်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မုပလ္လင်ကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်တို့က ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း မုပ္ပလင်ကျေးရွာ ဗလီစုရပ်နေ ဦးညီညီလွင်ကို မုပ္ပလင်ကျေးရွာ အမည်မသိသေနတ်သမားတို့က ပစ်ခတ်သတ်ဖြတ်ခဲ့သေးသည်။

ဦးညီညီလွင် ပစ်ခတ်ခံရမှုဖြစ်စဉ်တွၚ် အနီးရှိ အမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန် သေဆုံးသွားခဲ့သေးသည်။