သီချင်းတစ်ပုဒ်ဆိုရဖို့ ဆိုင်မှာ တန်းစီစောင့်ဖူးပါသလား။ ကိုယ့်အလှည့် ရောက်ရင် တီဗွီကို မျက်နှာမလွှဲ၊ အသက် ၀၀ မရှုရဲ၊ မိုက်ကိုကိုင်ကာ အပီဟဲဖူးပါ သလား။
မြိတ်မြို့၊ မြို့သစ်ရပ်နေ အသက် ၄၅ နှစ် အရွယ် ကိုဇော်ကြီးကတော့ ၂၀၀၀ ပြည့်နှစ်လောက်က ကာရာအိုကေ စဆိုဖူးသည်။
ကိုဇော်ကြီး စဆိုဖူးသည်က မြိတ် သင်္ဘောဆိပ်အနီး ဂိုဒေါင်ကြီးတွင် အရက် ဆိုင်နှင့် တွဲဖွင့်သည့် ကာရာအိုကေဆိုင်။
တွံတေးသိန်းတန်၏ အသီးတစ်ရာ အညှာတစ်ခု အပါအဝင် စိုင်းထီးဆိုင်၊ ခင်မောင်တိုး၊ ကိုင်ဇာ သီချင်းတို့က ကိုဇော်ကြီးအကြိုက်။
“အဲဒီတုန်းက ကာရာအိုကေဆိုင် တစ်ဆိုင်နှစ်ဆိုင်ပဲရှိသေးတယ်။ သူငယ် ချင်းတွေနဲ့ သွားပြီးဆိုကြတာပေါ့။ ကိုယ့် အလှည့်ကျဖို့ အချိန်တွေအများကြီး စောင့်ရတယ်။ အဲဒီတုန်းက တစ်ရာဖိုး ၃ ပုဒ်လား သေချာတော့မမှတ်မိတော့ဘူး။ တစ်ခါတလေ စောင့်ရင်းနဲ့ မူးပြီးကိုယ့် အလှည့်ကျ မဆိုနိုင်တော့ဘူး”ဟု ကိုဇော်ကြီးက ပြန်ပြောင်းပြောပြသည်။
ကိုဇော်ကြီးအတွက် ကာရာအိုကေ ဆိုရာတွင် စိတ်အပါဆုံးအချိန်က ရည်းစား နှင့် ကွဲပြီး အလွမ်းသီချင်းတွေ ဆိုရသည့် အချိန်။
“ကိုယ်ဆိုတဲ့သီချင်း သူတို့ရင်ဘတ်ထဲ ထိသွားရင်တော့ ပခုံးလာဖက်ပြီး ကိုယ်နဲ့အပြိုင် ဝိုင်းလာအော်ကြတဲ့အခါ လည်းရှိတယ်။ မူးမူးနဲ့ ရင်ထဲရှိတာတွေ သွန်ချပစ်လိုက်တော့လည်း ပိုက်ဆံကုန် ချင်ကုန် ရင်ထဲမှာတော့ ပေါ့ပါးသွားတယ်”ဟု ကိုဇော်ကြီးက ပြောသည်။
၂၀၀၀ ခုနှစ်မတိုင်ခင်နှစ်များက ကိုဇော်ကြီးတို့ ထိုသို့ ဆိုခွင့် မရခဲ့ပါ။
မြို့ပြများတွင် ကာရာအိုကေ ဆိုင်ငယ်လေးများ ပေါ်လာသည်နှင့်အမျှ ကျေးရွာများတွင်လည်း ကာရာအိုကေ စက်ထောင်သူများ ပေါ်လာသောအခါ ဖိုးဆိုချင်တို့အတွက် ရွာအဆိုကျော်ဖြစ်ရန် အခွင့်အလမ်း ပေါ်လာသည်။
လောင်းလုံးမြို့နယ် အင်းဇောက် ကျေးရွာ အသက် ၅၆ နှစ်အရွယ် ဖိုးဆိုချင် ဦးအောင်သိန်းသည်လည်း ထိုအခွင့် အလမ်းကို လက်လွတ်မခံ။
“ကိုယ်ကသူများဆိုတာပဲ တီဗီထဲ မှာ ကြည့်ဖူးတာလေ။ ကိုယ်တိုင်ဆိုရ တော့ ကိုယ့်ဘာသာကိုယ်တော့ အဆို တော်လိုလို ဘာလိုလိုပေါ့။ ကိုယ်ဆိုနေတဲ့ အချိန် နားထောင်နေတဲ့သူများလို့ ကတော့ မိုက်ကို မလွှတ်ချင်တော့ဘူး” ဟု ဦးအောင်သိန်းက ပြောသည်။
ကာရာအိုကေဆိုင်များ စပေါ်စဉ်က သက်ကြီးပိုင်း ဖိုးဆိုချင်ကြီးများ ဆိုင်နား ကပ်ရန် မဝံ့မရဲ။ ကာလသားများသာ ဆိုင်တွင် တန်းစီနေရာယူထားတတ်သည်။
ရွာကာရာအိုကေဆိုင်များတွင်ဆို ကလေးလူကြီး ပရိသတ်တို့လည်း ရှိနေတတ်သည်။ တီဗွီက သီချင်းသရုပ်ဖော်သည်ကိုကြည့်လိုက်၊ သီချင်းဆိုသည်ကို သည်းခံနားထောင်လိုက်။ မဆို တတ်လျှင် အတင်းပြောလိုက်။
ဦးအောင်သိန်းကတော့ သူ့သူငယ်ချင်း သက်လတ်ပိုင်းတို့ကို မြှူဆွယ် သည်။ သူဆိုချင်သည်ကိုး။
“လူကြီးပိုင်းတွေထဲကဆို မဆိုရဲကြ သေးဘူး။ ရှက်ရှက်နဲ့ ဆိုချင်ပေမယ့် မဆိုရဲကြသေးဘူးပေါ့။ ငါစိုက်မယ် လိုက် ဆိုလို့ခေါ်တာ တစ်ယောက်မှခေါ်မရဘူး။ သူတို့မဆိုကြတော့ ငါလဲမဆိုဖြစ်ဘူး ပေါ့” ဟု ဦးအောင်သိန်းက ပြောသည်။
ဦးအောင်သိန်းက မရမက ဆိုသည်။ နောက်ပိုင်းတွင် ဦးအောင်သိန်းအတွက် ကိုယ်ပိုင်ဟန်ဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ အလွတ်ဆိုနိုင်သည်အထိ သီချင်းတစ်ပုဒ် ရှိလာသည်။
“ငါဆိုနေကျသီချင်းက လေးဆယ် ကျော်အချစ်၊ တွံတေးသိန်းတန်သီချင်း အဲဒီသီချင်းကတော့ ဘယ်အချိန်လာဆိုခိုင် ဆိုခိုင်းရတယ်။ ရွာထဲကလူတွေ တောင်ပြောကြတယ်။ တစ်ခါလာလဲ လေးဆယ်ကျော်အချစ်၊ တစ်ခါလာလဲ လေးဆယ်ကျော်အချစ် မယားငယ်လိုနေ တယ်ထင်တယ်တဲ့။ ဟာသပြောကြတာပါ”ဟု ဦးသိန်းအောင်က ပြောသည်။
အမျိုးသမီးအများစုကမူ အမျိုးသား ကြီးတို့ထက် အရှက်အကြောက် ပိုကြီး ကြသဖြင့် ကာရာအိုကေဆိုင်တွင် မဆိုတတ်ကြပါ။
ကာရာအိုကေဆိုသည်က မိန်းကလေး နှင့် မအပ်စပ်ဟု ရပ်ရွာထဲက အယူရှိ နေတတ်ကြသည်။
သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွ ကျေးရွာမှ အသက် ၂၇ နှစ်အရွယ် မစုမြတ်မွန်ကတော့ ဆိုချင်သော်လည်း အစ်ကိုက ခွင့်မပြုသဖြင့် မဆိုရ။
“သူများဆိုချိန်တော့ နားထောင် ဖြစ်တယ်။ ကိုယ်တိုင်က ဆိုချင်တယ်။ ဒါပေမယ့် အကိုလုပ်သူက မဆိုခိုင်းလို့။ သီချင်းဆိုတာကတော့ အရမ်းဝါသနာပါတယ်။ ဆိုင်က ကာရာအိုကေဆိုင်တွေ တော့ တခါမှ မသွားဖူးဘူး။ ဆိုလည်း မဆိုရဘူး”ဟု မစုမြတ်မွန်က ပြောသည်။
လက်ရှိတွင်မူ တစ်ချိန်က မှိုလိုပေါက် နေသည့် ကာရာအိုကေဆိုင်တို့ ရပ်ထဲ ရွာထဲ မရှိတော့ပါ။ မိုက်ကိုင်ကာ အပီဟဲ ချင်လျှင် ကိုယ့်အိမ်တွင် ဆိုကြရုံသာ ရှိတော့သည်။
အိမ်များတွင်လည်း မိုက်ကအစ အသံစနစ်ကောင်းစွာထွက်သည့် စက်ပစ္စည်း များ မရှိကြတတ်သဖြင့် မဆိုဖြစ်ကြပါ။
လက်ရှိတွင် မိသားစုကာရာအိုကေ ဆိုင်များ ပေါ်ပေါက်လာသော်လည်း ဈေးက တစ်နာရီ သောင်းဂဏန်းရှိသဖြင့် တော်ယုံလူတန်းစား အနားမသီနိုင်။
ပိုက်ဆံဖြုန်းနိုင်ပြီး ဆိုင်တွင်ဆိုရမှ ဖီလင်လာသည်ဆိုသည့် ယောက်ျားသား ဖိုးဆိုချင်တို့အတွက်မူ အခွင့်အလမ်းတို့ ရှိနေသေးသည်။ ကောင်မလေးအဖော် ခေါ်နိုင်သည့် KTV ခေါ် ကာရာအိုကေ ဆိုင်ခန်းများ ဈေးတော်သည်။
“ပြောရရင် သာမန်လူတန်းစားနဲ့ တော့ ကာရာအိုကေဆိုင်တွေက ခုချိန်မှာ တော့ နီးလိုက်ဝေးလိုက်ပဲ။ သုံးနိုင်ဖြုန်း နိုင်သူတွေအတွက်တော့ တစ်ညတာ နိဗ္ဗာန်ဘုံပေါ့” ဟု မြိတ်မြို့သစ်ရပ်နေ ကိုဇော်ကြီးက ပြောသည်။
တနင်္သာရီသတင်းအဖွဲ့