BREAKING
December 22, 2024

တနင်္သာရီ ရေဖြူရွာနှင့် ထုံခါရွာအနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့်ဗုံးကြဲ

December 19, 2024

ဓာတ်ပုံ - မြိတ်ခရိုင် တပ်ရင်း ၂

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ရေဖြူရွာနှင့် ထုံခါရွာအနီးတွင် ဒီဇင်ဘာလ ၁၈ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နှင့် ကရင်လက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် KNLA၊ KTLA တပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း တနင်္သာရီတိုင်းစစ်ဌာနနှင့် ဒေသခံတို့ထံမှ သိရသည်။

အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် မြိတ်ဘက်မှ တနင်္သာရီ-ထုံခါလမ်းဆုံဘက်သို့ စစ်ကြောင်းထိုးနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့က ပြောသည်။

ယမန်နေ့ မနက် ၁၀နာရီခန့်တွင် ရေဖြူ၊ ထုံခါရွာအနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ထုံခါ-မောတောင် လမ်းပိုင်းရှိ KNU စစ်ဆေးရေးဂိတ်အနီးတဝိုက်နှင့် ချောင်းနောက်ပြန်ရွာ၊ သိန်ခွန်းရွာအနီးတဝိုက်ကို K8W ဂျက်ဖိုက်တာဖြင့် ဗုံးသီး ကိုးလုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“အဓိကတော့ သူတို့ဒီနယ်စပ်ကုန်သွယ်ရေးလမ်းပေါ့နော်၊ ထုံခါ-မောတောင်လမ်းပိုင်းကို ပြန်ပြီးတော့ စိုးမိုးထိန်းချုပ်ချင်တဲ့ သဘောလို့ ကျွန်တော်တို့သိထားရတယ်ပေါ့နော်။ အဲ့ဒီစစ်ကြောင်းက မောတောင်အထိကို စစ်ကြောင်းထိုးမယ်လို့ ခန့်မှန်းထားတယ်” ဟု တနင်္သာရီတိုင်းစစ်ဌာနမှ စစ်ဆင်ရေးတာဝန်ခံ ရဲဘော် Star က ပြောသည်။

ယမန်နေ့ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များ ထုံခါလမ်းဆုံသို့ ရောက်ရှိလာပြီး ယနေ့ ဒီဇင်ဘာလ ၁၉ရက် မနက်ပိုင်းတွင်လည်း ထိတွေ့ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ၎င်းက ဆိုသည်။

နှစ်ဖက်တိုက်ပွဲကြောင့် မြိတ်-တနင်္သာရီ-ထုံခါ-မောတောင်လမ်းကြောင်း ပိတ်ဆို့ထားပြီး ကားရာနှင့်ချီပိတ်မိနေကြောင်း ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်နေသူတို့က ပြောဆိုသည်။