မွန်တော်လှန်ရေးတပ်များအားလုံး ပါဝင်သည့် တစ်ခုတည်းသော “မွန်တပ်တော်” ဖွဲ့စည်းရန် မွန်တော်လှန်ရေးတပ်ဖွဲ့ လေးခုက သဘောတူဆုံးဖြတ်လိုက်သည်။
ဒီဇင်ဘာလ ၁၈ ရက်က မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးတစ်ရပ်ကျင်းပပြီး ယင်းသို့ သဘောတူခဲ့ကြခြင်းဖြစ်သည်။
တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြပြီး ပထမအဆင့်အနေဖြင့် တပ်ဖွဲ့လေးဖွဲ့တို့က ပူးတွဲစစ်ရေးလှုပ်ရှားမှုရန် သဘောတူညီခဲ့ကြကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တစ်ခုတည်းသော မွန်တပ်တော် ပေါ်ပေါက်လာရေးအတွက် ဆွေးနွေးမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာလ တွင် တပ်ဖွဲ့လေးဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသေးကြောင်း မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ခေါင်းဆောင် ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။
“(စက်တင်ဘာလ ဆွေးနွေးပွဲ) အဲဒီချိန်က သဘောတူချက်တစ်စုံတစ်ရာ မရရှိခဲ့ဘူး။ မနေ့က အစည်းအဝေးမှာပဲ သဘောတူ ညီချက် နှစ်ခုဖြစ်တဲ့ မွန်တပ်တော် တစ်ခု ပေါ်လာဖို့ရယ်၊ နောက်ပြီးတော့ တပ်တော်ကို တည်ဆောက်နေတဲ့ ကြားကာလမှာ တပ်ဖွဲ့ ၄ ဖွဲ့ရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားဖို့ ဆိုတဲ့ သဘောတူညီချက်တွေ ရလာခဲ့တယ်” ဟု ၎င်းက ဆိုသည်။
သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် အဆင့်ဆင့်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရမည် ဖြစ်ကြောင်းလည်း မွန်တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တို့က ပြောဆိုသည်။
မွန်လက်ကိုင်တပ်ဖွဲ့များအားလုံး တစ်စုတစ်စည်းတည်း ပေါင်းစည်းပြီး စစ်ရေးလှုပ်ရှားနိုင်မှသာ ဘုံရန်သူဖြစ်သည့် စစ်ကောင်စီကို တိုက်ခိုက်ရာတွင် အောင်မြင်မှု ရရှိလာမည်ဖြစ်ကြောင်း ဒေါက်တာ သီရိမွန်ချမ်းက ဆက်လက်ပြောဆိုသည်။
“တောင်ပိုင်းစစ်ဒေသဖြစ်တဲ့ မွန်ပြည်နယ်နဲ့ ဆက်စပ်တိုင်းဒေသကြီးတွေမှာ ဒီလိုမျိုး စစ်ရေးအရ ဗျူဟာမြောက် ပေါင်းစည်း ထားတဲ့ တပ်ပေါင်းစု တစ်စု မရှိခဲ့လို့၊ တပ်တော်တစ်ခုတည်း မရှိခဲ့လို့ တကွဲတပြားစီ လှုပ်ရှားနေတဲ့အတွက် ထိရောက်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ မလုပ်နိုင်ခဲ့ဘူး။ သို့ကြောင့်မို့ ဒီလို ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့အတွက် တော်လှန်ရေး အတွက် အများကြီး အထောက်အကူဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ်ခင်ဗျ” ဟု ၎င်းက ပြောသည်။
မွန်လူထုတစ်ရပ်လုံးကလည်း မွန်တော်လှန်ရေးတပ်ဖွဲ့များအားလုံးပူးပေါင်းရေးကိုလိုလားကြောင်း မွန်လူငယ်တစ်ဦးက ဆိုသည်။
“မွန်တပ်တွေ အားလုံးပူးပေါင်းနိုင်ဖို့ အရေးကြီးပါတယ်။ ဟိုတစ်ဖွဲ့ ဒီတစ်ဖွဲ့ တကွဲတပြားနဲ့က အလုပ်မဖြစ်ဘူးလေ။ မွန်တွေ စည်းလုံးမှ မွန်တွေ အင်အားရှိမှ စစ်တပ်အပါအဝင် တခြားသော အင်အားကြီးအဖွဲ့အစည်းတွေကို နိုင်မှာ။ ဒါက ဖြစ်သင့်တဲ့ ကိစ္စပါ” ဟု ၎င်းက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် မွန်တော်လှန်ရေးတပ်ဖွဲ့များပေါ်ပေါက်လာခဲ့ပြီး တစ်ဖွဲ့ချင်းစီအနေဖြင့် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်လာခဲ့ကြသည်။
ထိုသို့ လှုပ်ရှားလာခဲ့ရာမှ ၂၀၂၄ ခုနှစ်ဆန်းကစပြီး အင်အားကြီး မွန်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် NMSP-AD၊ MSFC တို့က စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စတင် တွေ့ဆုံဆွေးနွေးလာခဲ့ကြသည်။