ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ရနောင်းဈေးကွက်တွင် ရေနဂါးဈေးနှုန်းကျဆင်းနေကြောင်း ရေလုပ်သားအချို့ထံမှ သိရသည်။
ရနောင်းမြို့တွင် ရေနဂါးဝယ်သည့် ငါးဒိုင် ငါးခုထက်မနည်းရှိပြီး ပြီးခဲ့သည့် လပိုင်းက စတင်ကာ ဈေးကျလာခြင်းဖြစ်ကြောင်း ကိုယ်တိုင်သွားရောင်းသည့် ရေလုပ်သားတစ်ဦးက ပြောသည်။
ယခင်က သုံးလက်မခန့်ရှည်သည့် ရေနဂါးတစ်ကီလျှင် ဘတ်ခြောက်ထောင်ခန့်ဈေးရှိပြီး လက်ရှိအချိန်တွင် ဘတ်လေးထောင်ခန့်သာ ပေးတော့ကြောင်း ၎င်းက ဆိုသည်။
“ဈေးက ကျနေတယ်။ မဝယ်တဲ့သူ (ဒိုင်) များတယ်။ (ထိုင်းကနေ) တရုတ်ကို တင်ပို့တဲ့ လမ်းကြောင်း မကောင်းတော့လို့ ဈေးကျသွားတယ်လို့ ပြောတယ်” ဟု အဆိုပါ ရေလုပ်သားက ပြောဆိုသည်။
ယခင်နှုန်းထားအရ ငါးလက်မအရှည်ရှိ ရေနဂါးတစ်ကီလိုလျှင် ဘတ်တစ်သောင်းဝန်းကျင်၊ ၁၀ လက်မခန့်ရှည်သည့် ရေနဂါးတစ်ကီလိုလျှင် ဘတ်သုံးသောင်းခွဲနှင့် ၁၂ လက်မကျော်ပါက တစ်ကောင်လျှင် ဘတ်တစ်ထောင်ကျော် ပေါက်ဈေးရှိကြောင်း ဝါရင့်ရေလုပ်သားအချို့ထံမှ သိရသည်။
လက်ရှိတွင် အထက်ပါအရွယ်အစားများ၏ ဈေးနှုန်းများမှာ ထက်ဝက်နီးပါးကျဆင်းလာကြောင်း ရေလုပ်သား အခြားတစ်ဦး က ဆိုသည်။
“အရင်ကဆိုရင် (တစ်လကို) ရေနဂါးဖိုးတောင် ဘတ်သောင်းချီရလေ့ရှိတယ်” ဟု အထက်ပါရေလုပ်သားက ပြောသည်။
ရေနဂါးသည် သန္တာကျောက်တန်းပေါများပြီး ရေနွေးစီးကြောင်းရှိသည့် ပင်လယ်ရေအောက်တွင် ကျက်စားနေထိုင်လေ့ ရှိသည်။
ဒရွတ်ဆွဲငါးဖမ်းလှေ (ဝါလတ်) များက ပင်လယ်ရေတိမ်ပိုင်းတွင် ဝင်ရောက်ဖမ်းဆီးချိန်တိုင်း ရေနဂါးအရ များလေ့ရှိကြောင်း အထက်ပါ ရေလုပ်သားက ဆိုသည်။
“ကျွန်တော်တို့ လှေတွေကျတော့ ချောင်ကြိုချောင်ကြား (ရေတိမ်ပိုင်း) မှာ ဆွဲ (ဖမ်း) တာကိုး။ ရေအောက်မှာရှိတဲ့ဟာတွေ အကုန်ပါလာတယ်” ဟု ၎င်းက ပြောသည်။
ငါးဖမ်းပိုက် တစ်ကြိမ်ချ (ဖမ်း) ပါက ရေနဂါးအငယ် အကောင်ရေ ၂၀ ခန့်ရတတ်ပြီး အကောင်ကြီးက သုံးကောင်ခန့်သာ ရလေ့ရှိကြောင်း အထက်ပါ ရေလုပ်သားများက ပြောဆိုသည်။
အဆိုပါငါးဖမ်းလှေများတွင် ဖမ်းဆီးရရှိသည့် ရေနဂါးကို ရေလုပ်သားများက ရရှိကြပြီး လှေပိုင်ရှင်သူဌေးကို မပေးရကြောင်း ရေသားလုပ်သားအချို့ထံမှ သိရသည်။