BREAKING
December 22, 2024

ကံပေါက်တိုက်နယ်တွင် တိုက်ပွဲဆက်ဖြစ်၊ ဆက်သွယ်ရေးနှင့် လမ်းပိုင်း ဖြတ်တောက်ခံထားရ

December 19, 2024

ပုံစာ - ရေကန်တောင် ပေါ်ရှိ မိုက်ခရိုဝေ့တာဝါတိုင်(ပုံဟောင်း)။ Photo - Freedom Kanbauk

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီကျေးရွာအုပ်စုရှိ ခွေးမဖောရွာအနီးတွင် ယနေ့ ဒီဇင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပြီး ရွာသားများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း တိမ်းရှောင်နေသည့် ဒေသခံများထံမှသိရသည်။

ခွေးမဖောရွာအနီးရှိ ပယရွာတွင် ဒီဇင်ဘာလ ၁၈ရက်တွင် စစ်ကောင်စီတပ်ကားငါးစီးရောက်ရှိကာ တောနင်းရှာဖွေနေပြီး ယနေ့နံနက်တွင် စစ်ကားသုံးစီး ထပ်မံရောက်ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည် ။

“ခွေးမဖောမှာ တိုက်ပွဲကျ (တိုက်ပွဲဖြစ်) နေတာ ၁၁ နာရီလောက်မှ လက်နက်ကြီးအသံစဲတယ်။ ရွာသားတွေကတော့ ဘေးလွတ်ရာ ပြေးပုန်းနေရတယ်” ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာလ ၁၇ ရက် နံနက်အစောပိုင်းတွင် ကံပေါက် ရေကန်တောင်ပေါ်ရှိ မိုက်ခရိုဝေ့တာဝါတိုင်စခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှသိရသည် ။

“ရေကန်တောင်စခန်းတိုက်ပွဲမှာ စိန်ပြောင်းတစ်လက်၊ သေနတ် သုံးလက် ရခဲ့တယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံး တာက ခုနစ်ယောက်လောက်ရှိတယ်။ မဟာမိတ်တွေဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည် ။

ယင်းသို့ တိုက်ပွဲဖြစ်ပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်ညပိုင်းအထိ မောရဝတီရေတပ်စခန်းဌာနချုပ်နှင့် ဇာဒီချောင်းဝရှိ ရေတပ်သင်္ဘောက ကံပေါက်ဒေသ ပတ်ပတ်လည်ကို လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများသည် ဒယ်ကို သတ္တုမိုင်းဝင်းအတွင်း တစ်လုံး ၊ ဇာဒီရွာဘက်တွင် နှစ်လုံး နှင့် ဖားချောင်းရွာဘက်တွင် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကံပေါက်ရွာခံတစ်ဦးက ဆိုသည် ။

” ဒယ်ကိုမိုင်းထဲ ကျတဲ့တစ်လုံးက မပေါက်ကွဲဘူး။ စစ်တပ်ကပဲ ပြန်လာရှင်းပေးတယ်။ လက်နက်ကြီးပစ်တဲ့ ၁၇ ရက်နေ့က ၂၇၃ တပ် အနားမှာလည်း ဒရုန်းနှစ်စီးလာပျံသေးတယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲစဖြစ်သည့် ဒီဇင်ဘာလ ၁၇ ရက်က စ၍ ယနေ့အထိ ကံပေါက်တိုက်နယ် အဝင်အထွက်လမ်းများကို စစ်ကောင်စီတပ်က ပိတ်ထားကြောင်း ယာဥ်မောင်းများထံကသိရသည် ။

“ဒီနေ့လည်း လမ်းပိတ်ထားတုန်းပဲ၊ ကားမသွားရသေးဘူး။ ကားမသွားရတာ သုံးရက်ရှိပြီ” ဟု လမ်းပိတ်ထားသည့် အခြေအနေကို ထားဝယ်မြို့တွင် ရောက်နေသည့် ကံပေါက်ရွာမှ ခရီးသည်တင်ယာဥ်မောင်းတစ်ဦးက ယနေ့နေ့လယ်ပိုင်းတွင် ပြောသည် ။

ယင်းအပြင် ကံပေါက်ကျေးရွာအုပ်စုတွင် ဒီဇင်ဘာလ ၁၈ရက် ညပိုင်းစ၍ အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်နေပြီး ယနေ့ နေ့လယ်ပိုင်းအထိ ပြန်မရသေးကြောင်း ဒေသခံများက ဆိုသည်။

ရေကန်တောင် စခန်းတိုက်ပွဲ နောက်ဆက်တွဲအနေဖြင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ရေကန်တောင် ရှိ မိုက်ခရို့ဝေ့တာဝါတိုင်သည် ကမ်းရိုးတန်း ဖုန်းလိုင်းနှင့် စစ်ကောင်စီ၏ ဆက်သွယ်ရေးလိုင်းများ ဆက်သွယ် သည့် တာဝါတိုင်ဖြစ်ပြီး ယင်းတာဝါတိုင်စခန်းတွင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့် အလှည့်ကျကင်းစောင့်ကာ စခန်းကုန်း ပတ်ပတ်လည်တွင်လည်း မိုင်းများထောင်ထားကြောင်း ဒေသခံများထံမှသိရသည် ။