BREAKING
January 6, 2025

နမ့်ခမ်းမြို့ကို တအာင်းတပ် သိမ်းယူ

December 19, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ပြီး ယနေ့ ဒီဇင်ဘာလ ၁၉ရက်တွင် မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၇ ရက်မှ ဒီဇင်ဘာလ ၁၉ရက်အထိ ၃၂ ရက်ကြာ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်စခန်းများကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီ စခန်းသစ်ကုန်းစခန်း အပါအဝင် ကံ့ကော်စခန်း၊ ၁၂မိုင်၊ ၁၃မိုင်၊ မိုက်ခရိုဝိတ်စခန်း၊ ပန်ဆေး၊ တာကွန့်စခန်း၊ ဟဲယိုင်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ထိန်ကန်တပ်စခန်း၊ မန်ပူးတပ်စခန်း၊ မန်ဝိန်တပ်စခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းသည် အင်အား ၉၀၀ နီးပါးရှိသည့် စကခ-၇ နှင့် လက်အောက်ခံ တပ်ဖြစ်သည့် ခလရ-၂၆၁၊ ခမရ-၄၂၃၊ ၄၂၆၊ ၄၂၅၊ ၁၄၃ နှင့် ဒကစ တို့က လာရောက် ထိုးစစ်ဆင်စခန်းချသည့် တပ်စခန်းများဖြစ်ကြောင်း ဖော်ပြသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဉ်ဖြင့် အကြိမ် ၂၆၀၊ Y8 လေယာဥ်ဖြင့် ၃၅ ကြိမ် ၊ Y12 လေယာဥ်ဖြင့် ၄၀ ကြိမ်နှင့် တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 ဖြင့် ၂၅ ကြိမ် စုစုပေါင်း လေကြောင်းဖြင့် အကြိမ် ၃၆၀ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က ဆိုသည်။

ယင်းသို့ တိုက်ခိုက်ရာတွင် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၁၂ ကြိမ်၊ အဆိပ်ငွေ့ဗုံး ခြောက်လုံး အသုံးပြု တိုက်ခိုက်ခဲ့သည်ဟုလည်း ဆိုသည်။

ယင်းအပြင် ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် အကြိမ် ငါးရာနီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုကာ စစ်အင်အား တစ်ရာနီးပါး ဖြည့်တင်းပေးခဲ့သလို လက်နက်ခဲယမ်းနှင့် ရိက္ခာများလည်း ၁၅ ကြိမ် ဖြည့်တင်းပေးခဲ့ကြောင်း TNLA က ဆိုသည်။

စခန်းသစ်ကုန်း တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အပါအဝင် များစွာသေဆုံးပြီး သုံးဦး ဖမ်းမိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်နက်ခဲယမ်းများ၊ လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်သုံးဆောင် ပစ္စည်းများ သိမ်းဆည်းရမိကြောင်း TNLA က ထုတ်ပြန်ထားသည်။

TNLA ဘက်ကလည်း ၄၉ဦး ကျဆုံးပြီး ၁၄၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း ဖော်ပြသည်။

တိုက်ပွဲကာလအတွင်း လက်နက်ကြီးနှင့် လေယာဉ်ကပစ်သည့် ဗုံးစထိမှန်ကာ နမ့်ခမ်းမြို့ခံ ကလေးသုံးဦး အပါအဝင် ၁၃ ဦးသေဆုံးပြီး ၄၃ ဦးဒဏ်ရာရကာ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံနှင့် လူနေအိမ် ၇၀ လုံး ထိမှန်ပျက်စီးသည့်အပြင် နေအိမ် ၂၄ လုံးလည်း မီးလောင်ပျက်စီးကြောင်း ဖော်ပြသည်။

ဒီဇင်ဘာလ ၁၇ ရက်ကလည်း နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို TNLA က သိမ်းယူကာ မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။