နတ်ပွဲကျင်းပသည့်အချိန် ရောက်လာသည့်နှင့်အညီ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ် ကျွဲခြံရွာတွင်လည်း ရွာရှင်နတ်ပူဇော်ပွဲကို ယနေ့ကျင်းပခဲ့ကြသည်။
အာဏာမသိမ်းခင်က စည်းစည်းကားကားကျင်းပလေ့ ရှိသော်လည်း ယခုတွင်တော့ အကျဉ်းချုံးသာ ကျင်းပခဲ့ခြင်းဖြစ်သည်။




ရွာရှင်နတ်ပွဲ ကျင်းပသည့်အိမ်တွင် ထမင်းဟင်း၊ မုန့်ပဲသရေစာများချက်ပြုတ်ကာ ကွမ်းသီးပင်မှရသည့် ဘုတ်ဖတ်ကို ပန်းကန်အဖြစ် အသုံးပြုစားသောက်ကြခြင်းဖြစ်သည်။
ကွမ်းသီးပင်ဘုတ်ဖတ်ကို ထမင်းဟင်း၊ မုန့်ပဲသရေစာများထည့်ပြီး စားသုံးကြသည်မှာ ကျွဲခြံရွာ၏ ဓလေ့လိုပင်ဖြစ်နေပြီဖြစ်သည်။
အာဏာမသိမ်းခင်ကမူ ကျွဲခြံရွာ ရွာရှင်နတ်ပူဇော်ပွဲတွင် ဝက်ဆီတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဘောလုံး၊ ဘော်လီဘောပြိုင်ပွဲ စသည့် အားကစားပွဲများကို ထည့်သွင်းပြီး ၃ ရက်မှ ၄ ရက်အထိကျင်းပကြသည်။
ကျွဲခြံရွာသည် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲတွင်တည်ရှိပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသဖြစ်သည်။