BREAKING
January 6, 2025

ကုလ မြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်ရှိ

December 19, 2023

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် နိုင်ငံကိုယ်စားပြုမည့်သူ ရွေးချယ်ရေးအဆိုကို ကုလသမဂ္ဂ စိစစ်ရွေးချယ်ရေးကော်မတီက ထပ်မံဆိုင်းငံ့လိုက်ကြောင်း ဒီဇင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကိုယ်စားလှယ်အဖြစ် ဆက်ရှိနေမည်ဖြစ်သည်။

Credential Committee က ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်သော အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံများ ကိုယ်စားပြုမှုအရေးကို ဆိုင်းငံ့ထားရန် ကော်မတီဥက္ကဋ္ဌ Ms. JANE MUGAFALU KABUI WAETARA က အဆိုပြုခဲ့ပြီးနောက် မဲခွဲခြင်းမရှိဘဲ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံ ကိုယ်စားပြုရန်အတွက် တင်သွင်းချက် ၂ ခု ရရှိခဲ့ကြောင်း Credential ကော်မတီက ထုတ်ပြန်ထားသည်။

တင်သွင်းချက် ၂ ခုကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ဩဂုတ်လ ၁၆ ရက်နေ့တွင် တစ်ပြိုင်နက်တင်သွင်းထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ကိုယ်စားလှယ်ကို ရွေးချယ်ရန် ကုလသမဂ္ဂ အရည်အချင်း စိစစ်ရေးကော်မတီက ဆိုင်းငံ့ခဲ့သဖြင့် လက်ရှိရာထူးနေရာတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

၂၀၂၂ ခုနှစ်ကလည်း ကိုယ်စားလှယ်ရွေးချယ်ရေးအဆိုကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ၂၀၂၃ တွင်လည်း ထပ်မံရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

ဦးကျော်မိုးထွန်းသည် ၂၀၂၀ ခုနှစ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ပြီး အာဏာသိမ်းမှုကြုံရပြီးနောက် စစ်ကောင်စီကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုထားသူဖြစ်သည်။

အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂတွင် ထုတ်ဖော်ပြောဆိုပြီးနောက်  စစ်ကောင်စီက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တာဝန်မှ ရပ်စဲခဲ့သည်။