BREAKING
September 20, 2024

ရေးတွင် မီတာခ နှစ်ရာကျပ်ထပ်တက်ပြီး တစ်ယူနစ် နှစ်ထောင်ကျပ်ဖြစ်လာ

December 19, 2023

မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်အတွင်း ဒီဇင်ဘာလမှစပြီး လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၂၀၀ ဈေးထပ်တက်မည်ဖြစ်ပြီး မီတာခ တစ်ယူနစ် ၂၀၀၀ ကျပ်အထိ ဖြစ်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။

စက်သုံးဆီ ဈေးမြင့်တက်လာခြင်းနှင့် ဆီဝယ်ယူရန်ခက်ခဲလာခြင်းကြောင့် ဒီဇင်ဘာလအတွက် သုံးစွဲခကို တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း မီးလင်းရေးကော်မတီက ဒီဇင်ဘာလဒုတိယအပတ်အတွင်းက ကြေညာထားသည်။

မီတာခ တစ်ယူနစ် ၁၈၀၀ ကျပ် ကောက်ခံနေရာမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကောက်ခံမည့် ဒီဇင်ဘာလ ဓာတ်အားသုံးစွဲခများကို ရေးမြို့နယ်အတွင်း လျှပ်စစ် ဖြန့်ဖြူးနေသည့် ပုဂ္ဂလိကကုမ္ပဏီတို့က တစ်ယူနစ် ၂၀၀၀ ကျပ် တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ဖော်ပြသည်။

အာဏာမသိမ်းခင်က ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာ တစ်ယူနစ် ကျပ် ၃၀၀ နှင့် ၅၀၀ အကြားသာရှိပြီး အာဏာသိမ်းမှုဖြစ်ပြီးနောက် ဆက်တိုက်မြင့်တက်လာသည့် စက်သုံးဆီ‌ဈေးကြောင့် မီတာခ တစ်ယူနစ် ကျပ် ၉၀၀ မှ ယခု တစ်ယူနစ် ကျပ် ၂၀၀၀ အထိ ထပ်မြင့်တက်လာခဲ့သည်။

“မီတာခ ဈေးတက်တော့ ချွေတာပြီး သုံးရတယ်။ အစစအရာရာ ဈေးတက်နေပေမယ့် ကိုယ့်ဆီက ထွက်တဲ့ ကွမ်းသီးတို့ ဘာတို့ကျတော့ ဈေးကျနေတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူးလေ” ဟု ရေးမြို့ခံ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းအပြင် မီးစက်ကြီးများအတွက် စက်သုံးဆီ ဝယ်ယူရန် အခက်အခဲရှိသည့်အတွက် လျှပ်စစ်မီးကို အချိန်ပိုင်းသာ ဖြန့်ဖြူးပေးနေသည်။

လျှပ်စစ်မီတာခ မြင့်တက်လာသည့်အပြင် လျှပ်စစ်မီးအလုံအလောက်မရခြင်း၊ စက်သုံးဆီဝယ်မရသည့်အတွက် လျှပ်စစ်မီးဖြင့် လုပ်ငန်းလုပ်ကိုင်နေကြရသည့် လုပ်ငန်းရှင်များ အခက်အခဲကြုံတွေ့နေရပြီး အချို့ လုပ်ငန်းရပ်နားထားရကြောင်း ဒေသခံတို့ထံမှ သိရသည်။

လျှပ်စစ်မီတာခသာမက အခြေခံစားသောက်ကုန်ကအစ ကုန်ပစ္စည်းအားလုံး ဈေးတက်နေချိန်တွင် ဒေသထွက် ကွမ်းသီးဈေး ဆက်တိုက်ကျနေကြောင်း တောင်သူတို့က ဆိုသည်။

ဒေသအတွင်း ရော်ဘာပြီးလျှင် ကွမ်းသီးကို အဓိက စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်နေကြသည့် ရေးဒေသခံတို့အတွက် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း ၎င်းတို့က ပြောဆိုသည်။

“အခုဆို ကွမ်းသီးတစ်ပိဿာရောင်းရင် မီတာခတစ်ယူနစ်ဖိုးတောင် မရတော့ဘူးဆိုတော့ စဉ်းစားကြည့်ပေါ့လေ။ ဒီကြားထဲ ဟိုကြောက်ရ ဒီကြောက်ရနဲ့ ဘာမှကို လုပ်စားလို့မရတော့တဲ့အခြေအနေပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကွမ်းသီစတစ်ပိဿလျှင် ကျပ် ၁၈၀၀ ဝန်းကျင်သာ ဈေးရှိကြောင်း တောင်သူများထံမှ သိရသည်။

မဟာဓါတ်အားလိုင်းမရောက်သည့် ရေးမြို့နယ်အတွင်း၌ လျှပ်စစ်ဖြန့်ဖြူးရေးကို ပုဂ္ဂလိကကုမ္ပဏီနှင့် ကျေးရွာအတွင်း ကိုယ်ထူကိုယ်ထစနစ်တို့ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးရေး လုပ်ဆောင်နေကြရသည်။

ရေးမြို့နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးနေသည့် ပုဂ္ဂလိကကုမ္ပဏီ နှစ်ခုရှိပြီး ရေးမြောက်ပိုင်းဒေသတွင်းက ကျေးရွာများကို SMD ကုမ္ပဏီက ဖြန့်ဖြူးနေကာ ရေးတောင်ပိုင်းဒေသတွင်းရှိ ရပ်ကွက်ကျေးရွာများကိုမူ မြတ်သူရထွန်းကုမ္ပဏီက လျှပ်စစ်ဖြန့်ဖြူးပေးနေသည်။