BREAKING
December 27, 2024

ထိုင်းတွင် ကားနှစ်စီးဖြင့် တရားမဝင် ဝင်လာသော မြန်မာ ၂၃ ဦး ဖမ်းဆီးခံရ

November 19, 2024

ထိုင်းနိုင်ငံ နခွန်စဝမ်ဒေသရှိ အဝေးပြေးလမ်းမပေါ်တွင် ကားနှစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၃ ဦးကို နိုဝင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အဝေးပြေးလမ်းမများပေါ် မောင်းလာသော ပစ်ကပ်ကားကို မသင်္ကာ၍ အစစ်အဆေးခံရန် ရဲတပ်ဖွဲ့က အချက်ပြခဲ့သော်လည်း အစစ်အဆေးမခံဘဲ အရှိန်မြင့် မောင်းပြေးခဲ့သဖြင့် ရဲတပ်ဖွဲ့က ကားအရှေ့နှင့် အနောက်က ပိတ်ညှပ်၍ ဖမ်းဆီးခဲ့ရာမှ မြန်မာနိုင်ငံသားများကို ဖမ်းမိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကားပေါ်တွင် ပြည့်ကျပ်စွာလိုက်ပါလာသော မြန်မာနိုင်ငံသား ၁၂ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမားကို ဖမ်းမိခဲ့ကြောင်း ရေးသားထားသည်။

ထိုင်းကားသမားကလည်း နောက်ထပ် ကားတစ်စီးရှိသေးကြောင်း ဝန်ခံခဲ့သဖြင့် ရဲတပ်ဖွဲ့က ထပ်မံစောင့်ဆိုင်း၍ ဖမ်းဆီးခဲ့ရာမှ ၂ စီးစလုံးကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

နောက်ကားတစ်စီးထဲတွင်လည်း မြန်မာနိုင်ငံသား ၁၁ ဦးနှင့် ထိုင်းကားသမားများကို ထပ်မံတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသား ၂၃ ဦးကို စစ်ဆေးရာ နိုင်ငံကူးလက်မှတ်ကဲ့သို့ တရားဝင် အထောက်အထားများ မတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းတွင် ရေးသားထားသည်။

မြန်မာနိုင်ငံသားများကို တာခ့်ခရိုင် မဲဆောင်မှတစ်ဆင့် ထိုင်းအလယ်ပိုင်းခရိုင်များသို့ ပို့ဆောင်ပေးရန် ခေါ်ဆောင်လာခြင်းဖြစ်ပြီး ခရီးစဉ်အတွက် ကားတစ်စီးလျှင် ၁၁၀၀၀ ဘတ်ရရှိကြောင်း ထိုင်းကားသမားများက ရဲတပ်ဖွဲ့သို့ ဖြေကြားထားသည်။

မြန်မာနိုင်ငံသားများကို တရားမဝင် ပို့ဆောင်ခြင်းက ဥပဒေအရ ဖမ်းဆီးခံရနိုင်သည်ကို သိရှိသော်လည်း ငွေကြေးအရ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းကားသမားများ၏ ဝန်ခံချက်ကို ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများကလည်း ထိုင်းနိုင်ငံထဲသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ရန်အတွက် တစ်ဦးလျှင် ဘတ် ၁၈၀၀၀ မှ ၂၀၀၀၀ အထိ ပွဲစားများကို ပေးချေရကြောင်း ရဲတပ်ဖွဲ့ထံသို့ ထွက်ဆိုထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများနှင့် ထိုင်းကားသမားများကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် ချုမ်စယ်ရဲစခန်းသို့ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် နေရပ်ပြန်ပို့သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: CH 7, Thai PBS, အထူးစုံစမ်းစစ်ဆေးရေးဌာန (CIB)