BREAKING
December 22, 2024

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ ထားဝယ်တွင် အမျိုးသမီးတစ်ဦးသေဆုံး

November 19, 2024

ထားဝယ်-မြိတ်ကားလမ်း ရွှေဂူတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်သဖြင့် ထားဝယ်မြို့နယ် ရှင်မုတ္ထီးရွာက လူငယ်အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။

နိုဝင်ဘာ ၁၅ ရက်ညနေပိုင်းတွင် ကော်သူးလေတပ်မတော်-KTLA တပ်ဖွဲ့ဝင်များက ရောင်းမော်ရွာနှင့် ရှင်မုတ္ထီးရွာဘက်ကို ဝင်ရောက်ခဲ့ပြီး နောက်တစ်ရက် နိုဝင်ဘာ ၁၆ ရက် ည ၈ နာရီကျော်တွင် စစ်ကောင်စီတပ်က ရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးမှာ ရှင်မုတ္ထီးကျေးရွာရှိ လုပ်ငန်းခွင်တစ်ခုမှ ရွေ့ပြောင်းအလုပ်သမားများ နေထိုင်သည့် အလုပ်သမားတန်းလျားပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“သေတာတစ်ယောက်ပဲ၊ ငါးယောက်ကဒဏ်ရာရတယ်၊ ကျန်တဲ့ငါးယောက်က ထားဝယ်မြို့ပေါ်က ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အထက်မြန်မာပြည်မှ ရှင်မုတ္ထီးရွာတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် အသက် ၁၉ နှစ်ခန့်အရွယ် မချစ်မိုးဆွေသေဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။

လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဝင်လာသည့်နေ့က ပစ်ခတ်မှုဖြစ်ပွားခြင်းမရှိဘဲ နောက်တစ်ရက်ညပိုင်းမှ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဒေသခံများနေထိုင်သည့် ကျေးရွာများဘက်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

“ရွှေဂူတံတားတောင်ကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်တာ၊ အချက်ရေ တော်တော်များတယ်၊ မမှတ်မိတော့ဘူး” ဟု ညောင်ဇင်ကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၃ ရက်၊ ၉ ရက်၊ ၁၀ ရက်နေ့များတွင် ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သရက်ချောင်းမြို့နယ်(ပကဖ)တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရွှေဂူတံတားစစ်ဆေးရေးဂိတ်သည် ထားဝယ်-မြိတ်သွားကားလမ်းပေါ်တည်ရှိပြီး အနီးဝန်းကျင်တွင် ရှင်မုတ္ထီးကျေးရွာ၊ ရောင်းမော်ရွာ၊ စော်ဝရွာနှင့် ညောင်ဇင်ရွာများရှိသည်။