BREAKING
January 22, 2025

ဟောင်ကောင်ဒီမိုကရေစီအရေးဦးဆောင်သူ လေးဆယ်ကျော် ထောင်ဒဏ်ချမှတ်ခံရ

November 19, 2024

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄၅ ဦးအား ဟောင်ကောင်အဆင့်မြင့်တရားရုံးကယနေ့ အင်္ဂါနေ့တွင် ထောင်ဒဏ် ၁၀ နှစ်အထိရှိသော အပြစ်ဒဏ်များ အသီးသီးချမှတ်လိုက်သည်။

အငြင်းပွားစရာ အမျိုးသားလုံခြုံရေးဥပဒေအရ နိုင်ငံတော်အစိုးရအား ဖြိုဖျက်ရန် ကြံစည်မှုဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်ပြီး နိုင်ငံတကာမှ ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။

Hong Kong 47 ဟု အမည်ပေးထားသည့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူအဖွဲ့၏ အဖွဲ့ဝင် ၄၇ ဦးအား ၂၀၂၁ ခုနှစ်တွင် အာဏာပိုင်များက ဖမ်းဆီးတရားစွဲခဲ့သည်။ ၂၀၂၀ ခုနှစ် ဒေသရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ကြိုတင်ရွေးချယ်နိုင်ရေး ကြံစည်မှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ယင်းနောက် အဖမ်းခံရသူများထဲမှ နှစ်ဦးမှာ မေလတွင် တရားသေ လွတ်မြောက်လာခဲ့သည်။

အင်္ဂါနေ့ ထောင်ဒဏ်အမိန့်ချမှတ်ခံရသူများတွင် နာမည်ကြီးတက်ကြွလှုပ်ရှားသူ Joshua Wong နှင့် Hong Kong 47 ၏ လှုပ်ရှားမှုများအတွက် အစီအစဉ်ရေးဆွဲပေးသူဟု သတ်မှတ်ခံရသူ ဥပဒေပါမောက္ခဟောင်း Benny Tai လည်း ပါဝင်သည်။

Benny Tai က ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံလိုက်ရပြီး Joshua Wong မှာ ထောင်ဒဏ် ၄ နှစ်ကျော် ချမှတ်ခံလိုက်ရသည်။

တက်ကြွလှုပ်ရှားသူ ၄၅ ဦးအား ထောင်ဒဏ်ချမှတ်မှုသည် အမျိုးသားလုံခြုံရေးဥပဒေ ပြဌာန်းပြီးချိန်ကစ၍ အပြင်းထန်ဆုံး အရေးယူမှုလည်း ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် ဟောင်ကောင်ကျွန်းပေါ်၌ ဒီမိုကရေစီအရေး လူထုဆန္ဒပြပွဲများ လနှင့်ချီ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်ပြည်မအစိုးရက အမျိုးသားလုံခြုံရေးဥပဒေကို အသက်သွင်းခဲ့သည်။

အမျိုသားလုံခြုံရေးဥပဒေနှင့် တရားရုံး၏ အင်္ဂါနေ့ ဆုံးဖြတ်ချက်သည် ဟောင်ကောင်ကျွန်းပေါ်မှ ဒီမိုကရေစီအရေးလှုပ်ရှားမှုနှင့် တရားဥပဒေစိုးမိုးမှုအပေါ် များစွာထိခိုက်အားနည်းသွားစေခဲ့ပြီး ဟောင်ကောင်ကျွန်းအပေါ် တရုတ်ပြည်မအစိုးရမှ ပိုထိန်းချုပ်လာနိုင်ရန် ခွင့်ပြုပေးလိုက်သည်ဟု လေ့လာသူများက ဆိုသည်။

Source – BBC