BREAKING
December 22, 2024

အရှေ့တောင်အာဖရိကမှ သံပုံးတီးသံ

November 19, 2024

အရှေ့တောင်အာဖရိကနိုင်ငံတစ်ခုရဲ့ အုပ်ချုပ်ရေးမြို့တော်ဟာ နိုဝင်ဘာ ၄ ရက်နေ့ ည ၇ နာရီမှာ ချောက်ချားစရာ တိတ်ဆိတ်မှုထဲ ပြိုဆင်းသွားခဲ့ပါတယ်။ သယ်ယူပို့ဆောင်ရေးယန္တရားတွေကလည်း ရပ်တန့်နေတယ်။

အဲဒီနောက် ထိတ်လန့်စရာ တိတ်ဆိတ်မှုနောက်မှာ မြို့တော်ရဲ့ နေရာအနှံ့ကနေ သံပုံးတီးသံတွေဟာ ဆူညံပေါက်ကွဲထွက်လာတယ်။

ဒါဟာ နိုင်ငံကို အနှစ်ငါးဆယ်ကြာ အုပ်ချုပ်လာတဲ့ အာဏာရပါတီရဲ့ ရွေးကောက်ပွဲကုလားဖန်ထိုးမှုကို လူထုက ဆန့်ကျင်နေပြီဆိုတဲ့ အချက်ပေးသံတွေပါပဲ။

“ပိုကြီးကျယ်တဲ့ အရေးတော်ပုံတစ်ခုအတွက် ပြည်သူတွေ စုစည်းလိုက်ကြတဲ့ အသံကို ကြားရတာ လိပ်ပြာတက်ကြွစရာကောင်းတယ်” လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာကျောင်းသား ကယ်လီယိုအီယိုက ဆိုတယ်။

မိုဇမ်ဘိခ်နိုင်ငံ၊ မာပူတိုမြို့။ မြို့တော်ရဲ့ ညကောင်းကင်ယံထဲ ရိုက်ခတ်လွင့်ခါနေတဲ့ သံပုံးတီးသံတွေဟာ နိုင်ငံထဲက လူတန်းစားအလွှာစုံကို စုစည်းပေးလိုက်ပုံပါပဲ။

ရွှေရတုဒေါသပေါက်ကွဲခန်း

“၁၆ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ ပါးစပ်ထဲကို သေနတ်နဲ့ အပစ်ခံလိုက်ရတယ်”

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ချီဆူးဂိုဟာ သူမ မွေးဖွားခဲ့တဲ့ မိုဇမ်ဘိခ်နိုင်ငံမှာ ဒီလိုမျိုး မြင်တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးတဲ့ မြင်ကွင်းတွေအကြောင်း ပြန်ပြောပြနေပါတယ်။

“သူ့ပါးစပ်ရှိနေတဲ့ နေရာမှာ အပေါက်ကြီးကြီး ဖြစ်သွားတယ်။ ကျွန်မ မျက်စိမှိတ်လိုက်တိုင်း အဲဒီမြင်ကွင်းက ခေါင်းထဲ ပေါ်လာတယ်”

နိုင်ငံရဲ့ သွေးအထွက်အများဆုံးကာလတွေထဲက တစ်ခုလို့ ဆိုနိုင်တဲ့ လက်ရှိဆန္ဒပြပွဲတွေထဲ မိုဇမ်ဘိခ်လူငယ်တွေ သွေးအလိမ်းလိမ်းပေးဆပ်နေရတဲ့ အခြေအနေကို ဖော်ပြတဲ့ အနိဌာရုံဥပမာတစ်ခုဟာ ဒါပါပဲ။ သဘာဝသယံဇာတကြွယ်ဝပြီး လှပတဲ့ ကမ်းခြေတွေ ပိုင်ဆိုင်ထားတဲ့ မိုဇမ်ဘိခ်နိုင်ငံဟာ ရွေးကောက်ပွဲမဲမသမာမှုကနေ အစပျိုးပေးလိုက်တဲ့ နိုင်ငံရေးမုန်တိုင်းကို ဖြတ်သန်းနေရပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့က ပြီးစီးသွားတဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်ထုတ်ပြန်ချက်က နိုင်ငံအတွင်းက လက်ရှိမငြိမ်သက်မှုတွေကို စနက်တံဖြုတ်ပေးလိုက်တယ်လို့ ဆိုရမှာပါ။

အာဏာရဖရီလင်မိုပါတီရဲ့ သမ္မတလောင်း ဒန်နီရယ်ချက်ပိုက သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တယ်လို့ အာဏာပိုင်တွေဘက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မဲအရေအတွက် ၇၁ ရာခိုင်နှုန်းကို ချက်ပိုက အနိုင်ရခဲ့ပြီး လူငယ်ထုကြား အခိုင်အမာထောက်ခံမှုရထားတဲ့ အတိုက်အခံခေါင်းဆောင် မွန်ဒလာနီက မဲ ၂၀ ရာခိုင်နှုန်းပဲ ရခဲ့တယ်လို့ ဆိုပါတယ်။ ဒီရွေးကောက်ပွဲရလဒ်ကို ပြည်သူတော်တော်များများက မယုံကြည်ကြပါဘူး။

၁၉၇၅ ခုနှစ် လွတ်လပ်ရေးရချိန်ကစပြီး မိုဇမ်ဘိခ်နိုင်ငံကို လက်ရှိအာဏာရဖရီလင်မိုပါတီတစ်ခုတည်းကပဲ ဆက်တိုက်အုပ်ချုပ်လာခဲ့တယ်။ ပေါ်တူဂီလက်အောက်ခံကိုလိုနီဘဝကနေ လွတ်မြောက်ဖို့ သွေးမြေကျခဲ့ရတဲ့ လွတ်လပ်ရေးတိုက်ပွဲကို ဖရီလင်မိုပါတီက ဦးဆောင်တိုက်ပွဲဝင်တယ်။

မွေးကင်းစမိုဇမ်ဘိခ်နိုင်ငံဟာ လွတ်လပ်ရေးရပြီးပြီးချင်းမှာပဲ အာဏာရဖရီလင်မိုပါတီနဲ့ အတိုက်အခံ ရီနာမိုပါတီကြားက ၁၅ နှစ်ကြာ ပြည်တွင်းစစ်ထဲကို နစ်ဆင်းခဲ့ရတယ်။

ပြည်တွင်းစစ်အရိပ်ဆိုးရဲ့ လွှမ်းမိုးမှုကနေ မလွတ်မြောက်နိုင်သေးတဲ့ ဒီနိုင်ငံဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပါဝင်ပတ်သက်မှုကင်းတဲ့ ရွေးကောက်ပွဲကို ၁၉၉၄ ခုနှစ်ကမှ ပထမဆုံး ကျင်းပနိုင်ခဲ့တယ်။

နိုင်ငံရဲ့ မြောက်ပိုင်းမှာ ခြေကုပ်ယူထားတဲ့ အစ္စလာမ်မစ်စစ်သွေးကြွ ISIS အဖွဲ့နဲ့ ဆက်နွယ်တဲ့ ဂျီဟတ်အုပ်စုတွေရဲ့ အန္တရာယ်က ပိုကြီးထွားလာနေတယ်။

မိုဇမ်ဘိခ်နိုင်ငံကနေ တရုတ်ရဲ့ တရားမဝင်သစ်ဝယ်ယူမှုကလည်း ဒီလက်နက်ကိုင်အဖွဲ့တွေ အသက်ဆက်နိုင်အောင် လောင်စာဖြည့်ပေးနေတယ်။ တိုင်းပြည်ဟာ ဆယ်စုနှစ်နဲ့ချီပြီး စီးပွားရေးတိုးတက်မှု မရှိသလောက် ဖြစ်နေခဲ့တယ်။

အကျင့်ပျက်ခြစားမှု၊ အလုပ်လက်မဲ့နှုန်းမြင့်မားမှုနဲ့ နိုင်ငံ့မြောက်ပိုင်းက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အာဏာရဖရီလင်မိုပါတီရဲ့ လွတ်လပ်ရေးတပ်ဦးပါတီဆိုတဲ့ ဂုဏ်သိက္ခာဟာ မြေမြှုပ်ခံလိုက်ရပြီလို့ မိုဇမ်ဘိခ်လူငယ်တွေက ပြောနေကြတယ်။

လူငယ်အများစုရဲ့ စိတ်ထဲမှာ တိုင်းပြည်ဟာ မျှော်လင့်စရာ မရှိသလို ခံစားနေရတယ်လို့ တက်ကြွလှုပ်ရှားသူ ချီဆူးဂိုက ပြောပြတယ်။

“သစ်ပင်အောက်မှာ ထိုင်ပြီး စာသင်နေရတဲ့ ကလေးတွေ ကျွန်မတို့ဆိမှာ ရှိနေတုန်းပဲ။ လစာမရလို့ တချိန်လုံးသပိတ်မှောက်နေတဲ့ ဆရာ ၊ ဆရာမတွေ ရှိနေတုန်းပဲ။ရေဖိုးမပေးနိုင်လို့ ပိတ်ထားရတဲ့ ကျောင်းတွေ ရှိနေတုန်းပဲ။ ဒါပေမယ့် ထိပ်တန်းအစိုးရအရာရှိတွေအတွက် ကားဝယ်ဖို့တော့ ပိုက်ဆံရှိနေတယ်”လို့ သူက ဆိုပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ ရွေးကောက်ပွဲဟာ အာဏာရဖရီလင်မိုပါတီကို ဖယ်ရှားဖို့ အခွင့်အရေးတစ်ခုလို့ လူငယ်အများစုက ရင်ခုန်ခဲ့ကြတယ်။ ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ မဲရလဒ်ဟာ သူတို့ရင်ဝကို ဆောင့်ကန်ပစ်လိုက်တယ်။

ဝိရောဓိ ရွေးကောက်ပွဲ

အာဏာပိုင်တွေ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲရလဒ်ကို အတိုက်အခံခေါင်းဆောင် မွန်ဒလာနီက လုံးဝငြင်းဆန်ခဲ့တယ်။ သူဟာ ရွေးကောက်ပွဲရဲ့ တရားနည်းလမ်းကျတဲ့ အနိုင်ရသူ ဖြစ်တယ်လို့ သူ့ကိုယ်သူ ကြေညာပါတယ်။

အဲဒီနောက် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကလည်း ဆက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်။ မဲအရေအတွက်နဲ့ မဲစာရင်းကို လိမ်လည်ထားတယ်ဆိုတဲ့အကြောင်း အစီရင်ခံစာတွေ ပေါ်ထွက်လာတယ်။

အာဖရိကသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် လေ့လာသူအဖွဲ့အစည်းတွေဆီကနေ အလားတူ အစီရင်ခံတွေ ထွက်ရှိလာတယ်။ ရွေးကောက်ပွဲကာလမှာ မူမမှန်တဲ့ ပြဿနာအချို့ရှိခဲ့တယ်ဆိုတာကို ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်က ဝန်ခံခဲ့ရတယ်။

ဒါကြောင့် အခြေခံဥပဒေကောင်စီက ရွေးကောက်ပွဲရဲ့ သန့်ရှင်းမျှတမှုအပေါ် စုံစမ်းစစ်ဆေးခဲ့ရတယ်။ မိုဇမ်ဘိခ်နိုင်ငံရေးကို နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ ဝါရင့်နိုင်ငံရေးသုတေသိတစ်ဦးကလည်း အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲရလဒ်ဖော်ပြတဲ့ စာရင်းကို ပြန်ပြင်လို့ ရအောင် ခဲတံနဲ့ ရေးထားတာမျိုးကို အချို့နေရာတွေမှာ တွေ့ခဲ့ရတယ်။ ရွေးကောက်ပွဲဟာ အစကနေ အဆုံးအထိ မူမမှန်ခဲ့ပါဘူး”

နိုင်ငံရေးမုန်တိုင်း

ရွေးကောက်ပွဲအပြီး ဆယ်ရက်အကြာ မာပူတိုမြို့တော်မှာ ဖြစ်ပျက်သွားခဲ့တဲ့ နိုင်ငံကျော်လုပ်ကြံသတ်ဖြတ်မှုဟာ နိုင်ံငံသားတွေရဲ့ ဒေါသကို အထွတ်အထိပ်ရောက်သွားစေခဲ့တယ်။

အောက်တိုဘာလ ၁၉ ရက်နေ့မှာ မွန်ဒလာနီရဲ့ ရှေ့နေဖြစ်သူ အယ်လ်ဗင်ညိုဒီယက်ဇ် နဲ့ လုပ်ဖော်ကိုင်ဖော်နိုင်ငံရေးသမားတစ်ယောက်ဟာ သေနတ်သမားနှစ်ယောက်ရဲ့ လက်ချက်နဲ့ ကားထဲမှာ ပစ်သတ်ခံလိုက်ရပါတယ်။

အယ်ဗင်ညိုဒီယက်ဇ်ဟာ ရွေးကောက်ပွဲမဲမသမာမှုနဲ့ ဆက်စပ်ပြီး စွဲချက်တင်ဖို့ ပြင်ဆင်နေတဲ့ ဥပဒေအဖွဲ့တစ်ခုမှာ အရေးပါတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒီလုပ်ကြံမှုသတင်းဟာ မိုဇမ်ဘိခ်တနိုင်ငံလုံးနဲ့ နိုင်ငံတကာအသိုက်အဝန်းကို တုန်လှုပ်သွားစေခဲ့ပါတယ်။

ဒီသတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးပေးဖို့ ကုလသမဂ္ဂ၊ အာဖရိကသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံတို့က တောင်းဆိုလာကြတယ်။ အာဏာပိုင်တွေအနေနဲ့ ဒီဖြစ်ရပ်မှာ အမှန်တရားပေါ်ပေါက်ဖို့ တတ်နိုင်သမျှ အားလုံးလုပ်ဆောင်ဖို့ကို ဖရီလင်မိုပါတီဘက်ကလည်း တိုက်တွန်းခဲ့တယ်။

မာပူတိုမြို့ရဲ့ အယ်ဗင်ညိုဒီယက်ဇ်တို့ အသတ်ခံလိုက်ရတဲ့ နေရာကို အောက်တိုဘာ ၂၁ ရက်နေ့မှာ မွန်ဒလာနီ ဦးဆောင်တဲ့ ဆန္ဒပြသူတွေ ချီတက်ခဲ့ကြတယ်။

“မိုဇမ်ဘိခ်နိုင်ငံကို ကယ်တင်ကြ”ဆိုတဲ့ ကြွေးကြော်သံနဲ့ အဲဒီနေရာမှာ စုဝေးဆန္ဒပြကြတယ်။ ပေါ်တူဂီဘာသာစကားနဲ့ “ဒီနိုင်ငံဟာ ငါတို့ ပိုင်တဲ့ နိုင်ငံ” လို့ အဓိပ္ပါယ်ရတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ကြတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွင်းမှုကို ခံလိုက်ရတယ်။ ဆန္ဒပြသူအချို့ကတော့ ရော်ဘာကျည်ဆန်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခံခဲ့ရတယ်။ ဒါပေမယ့် အများစုကတော့ ကျည်အစစ်တွေနဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲ ရက်သတ္တပတ်တွေမှာ လူထုဆန္ဒပြပွဲတွေ နိုင်ငံအနှံ့မှာ ပေါ်ထွက်လာတယ်။

လမ်းမတွေပေါ်မှာ ဆန္ဒပြသူတွေက ကားတာယာတွေကို မီးရှို့လိုက်ရာကနေ လိပ်တက်လာတဲ့ မီးခိုးတွေဟာ မြို့တော်မာပူတိုရဲ့ ကောင်းကင်အနှံ့ကို ထိုးတက်လာတယ်။

“နိုင်ငံ့အာဏာ လူထုဆီသို့” လို့ အဓိပ္ပါယ်ရတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ကြတယ်။

ညဘက်တွေမှာ ပြည်သူတွေဟာ သံပုံးတီးဆန္ဒပြသံတွေနဲ့ သူတို့ရဲ့ ဒေါသကို ဖော်ပြတယ်။

သံပုံးတီးသံတွေဟာ “အသံမထွက်နိုင်သူတွေရဲ့ အသံ”ကို ကိုယ်စားပြုတာပဲတဲ့။ ဆန္ဒပြလူငယ်တစ်ယောက်က ပြောတယ်။ ဆေးရုံတွေမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေရဲ့ အရေအတွက်က ပုံထပ်လာခဲ့တယ်။

ထိခိုက်ဒဏ်ရာရသူအချို့ဟာ ဖမ်းဆီးခံရမှာ ကြောက်ရွံ့တဲ့အတွက် ဆေးရုံတွေကို မသွားရဲကြဘူး။

ရုံးမတက်နဲ့ ရုန်းထွက်

ပြည်သူလူထုကို လမ်းပေါ်ခေါ်ထုတ်ပြီးတဲ့နောက်မှာ မွန်ဒလာနီဟာ နိုင်ငံ့ပြင်ပကို ထွက်ပြေးသွားခဲ့တယ်။ ဒါပေမယ့် သူက အွန်လိုင်းပေါ်ကနေ Live လွှင့် မိန့်ခွန်းပြောရင်း ပြည်သူတွေအနေနဲ့ ဆက်လက်တိုက်ပွဲဝင်ကြဖို့ နှိုးဆော်အားပေးတယ်။

အလုပ်သမားတွေ၊ ရုံးဝန်ထမ်းတွေအနေနဲ့ ရုံးကို မသွားဘဲအိမ်မှာ နေကြဖို့ ၊ နိုင်ငံအနှံ့က မြို့ကြီးတွေမှာ စုဝေးဆန္ဒပြကြဖို့၊ မြို့တော်မာပူတိုနဲ့ အခြားပြည်နယ်မြို့တော်တွေအထိ စီးပွားရေးလုပ်ငန်းတွေ ပိတ်သိမ်းရပ်ဆိုင်းထားကြဖို့ ၊ ဆိပ်ကမ်းတွေနဲ့ အဓိကနယ်စပ်ဂိတ်တွေကို ပိတ်သိမ်းထားကြဖို့ သူက နှိုးဆော်ပါတယ်။

မွန်ဒလာနီရဲ့ တိုက်ပွဲခေါ်သံတွေကို ပြည်သူတွေရဲ့ လိုက်နာမှုက ရွေးကောက်ပွဲရလဒ်ရဲ့ သံသယဖြစ်စရာအခြေအနေကို ပြသတဲ့ အထောက်အထားပဲလို့ မာပူတိုမြို့က ကျောင်းဆရာမတစ်ယောက်က ပြောပါတယ်။

“ သူသာ မဲ ၂၀ ရာခိုင်နှုန်းပဲ ရပြီး ဖရီလင်မိုပါတီက မဲ ၇၀ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တယ်ဆိုတာ မှန်လို့ရှိရင် ဘယ်လိုလုပ်ပြီး လူတိုင်းက သူ ပြောတဲ့အတိုင်း လိုက်လုပ်နေကြတာလဲဆိုတာက လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရှိနေတဲ့ မေးခွန်းပဲ”

ဆန္ဒပြပွဲတွေနဲ့ အရှိန်မြင့်လာတဲ့ သပိတ်မှောက်မှုတွေကြောင့် နေရာဒေသအချို့မှာ လူသေကြေထိခိုက်မှုတွေအထိ ဖြစ်ပေါ်ခဲ့တယ်။ ဆန္ဒပြပွဲစတင်လာချိန်ကစပြီး လက်ရှိအချိန်အထိ အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ရပြီး လူပေါင်း ၄၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဖော်ပြထားတယ်။ ဖမ်းဆီးခံထားရသူတွေကလည်း ရာနဲ့ချီရှိနေတယ်။

မိုဇမ်ဘိခ်ပြည်တွင်းက မငြိမ်သက်မှုတွေဟာ အာဖရိကတိုက်တောင်ပိုင်းရဲ့ ဒေသတွင်း ကုန်သွယ်မှုကိုပါ ထိခိုက်လာစေခဲ့ပါတယ်။

မိုဇမ်ဘိခ်ဟာ တောင်အာဖရိကနိုင်ငံရဲ့ သွင်းကုန်တွေအပေါ်မှာ ကြီးကြီးမားမား မှီခိုနေရတဲ့ နိုင်ငံဖြစ်ပါတယ်။

နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ယာယီပိတ်သိမ်းထားရမှုကြောင့် သွင်းကုန်စီးဆင်းမှု အဟန့်အတားဖြစ်လာပြီး နိုင်ငံအတွင်း အစားအစာရှားပါးပြတ်လပ်မှုပြဿနာနဲ့ ရင်ဆိုင်လာရပါတယ်။ ဆန္ဒပြပွဲတွေအတွင်း ဆိုင်ခန်းပေါင်း ၁၅၀ ကျော် လုယက်ဖျက်ဆီးခံလိုက်ရပြီး အမေရိကန်ဒေါ်လာ ၃၆၉ သန်းဝန်းကျင် ဆုံးရှုံးခဲ့ရပါတယ်။

ဒီဆုံးရှုံးမှုပမာဏဟာ နဂိုချည့်နဲ့ပြီးသား မိုဇမ်ဘိခ် စီးပွားရေးအပေါ် ပိုထိခိုက်သွားစေတယ်။

အစိုးရရဲ့ အင်အားသုံးတုံ့ပြန်ပုံက လက်ရှိပဋိပက္ခကို ပိုဆိုးစေရုံပဲ ရှိမယ်လို့ World Institute for Development Economics Research ရဲ့ အကြီးတန်းသုတေသီတစ်ဦးကလည်း ပြောပါတယ်။

မိုဇမ်ဘိခ်အကြပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် ဒေသတွင်း ၁၆ နိုင်ငံ စုစည်းထားတဲ့ Southern African Development Community ဟာ စနေနေ့က ဇင်ဘာဘွေနိုင်ငံမှာ အရေးပေါ်ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ချီဆူးဂိုကတော့ မိုဇမ်ဘိခ်လူငယ်တွေရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ပတ်သက်ပြီး အခုလို ပြောခဲ့ပါတယ်။

“သူတို့တွေ ကြောက်စိတ်ဝင်သွားအောင် ရဲတွေက အရင်တုန်းက လုပ်နိုင်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် အခုချိန်မှာတော့ လူတွေက ငါတို့ သေဖို့ အသင့်ပြင်ထားပြီလို့ ပြောနေကြပြိ။ ဖိနှိပ်မှုပိုများလေလေ သူတို့မှာ စွမ်းအားရှိတယ်လို့ လူတွေ ပိုခံစားရလေလေပါပဲ”

Ref: Al Jazeera, VOA

ဈာန်ဟိန်း