BREAKING
January 28, 2025

လောင်းလုံး ထိန်တွင်းရွာတွင် ရွာသားတစ်ရာနီးပါး ဖမ်းဆီးစစ်ဆေးခံရပြီး အိမ်များဖောက်ထွင်းခံရ

November 19, 2024

လောင်းလုံးမြို့နယ်၊ ထိန်တွင်းကျေးရွာတွင် လူနေအိမ်ခြေတစ်ရာကျော်ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖောက်ထွင်းပြီး ဆိုင်ကယ်နှင့် အဖိုးတန်အသုံးအဆောင်ပစ္စည်းများကို ယူဆောင်သလို ဒေသခံတစ်ရာနီးပါးကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ ကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်းက ထားဝယ်မြို့ပေါ် ပစ်ခတ်မှုဖြစ်ပြီးနောက် အင်အားတစ်ရာခန့်ရှိသည့် စစ်ကြောင်း တစ်ကြောင်းသည် လှေဖြင့် ထားဝယ်မြစ်ကြောင်းအတိုင်း ထိန်တွင်းရွာသို့ ရောက်ရှိလာပြီး နေအိမ်များကို ရိုက်ဖျက် ဝင်ရောက်ရှာဖွေခဲ့ခြင်းကြောင်း ဒေသခံများက ဆိုသည်။

ထို့နောက် ထိန်တွင်းရွာသား တစ်ရာနီးပါးကို ဘုန်းကြီးကျောင်းဝင်းအတွင်း ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေး မေးမြန်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“အဓိကတော့ PDF တွေ ရောက်လာတာလား။ ဘယ်ဘက်ကိုသွားလဲပေါ့။ အဲဒီလိုတွေ မေးတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့စစ်ဆေးရာတွင် အသက် ၆၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး၊ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၃၀ ကျော်အရွယ် အမျိုးသားနှစ်ဦးတိုကို့မူ ရိုက်နှက်စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းအပြင် ယမန်နေ့ မွန်းလွဲပိုင်းတွင်လည်း ထိန်တွင်းရွာသို့ ရောက်ရှိလာသည့် ကားတစ်စီးကို စစ်ကောင်စီတပ်က ရပ်တန့်ခိုင်းရာ ရပ်မပေးဘဲ ထွက်ပြေးသည်ဟုဆိုကာ သေနတ်ဖြင့်ပစ်ရာမှ အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ကားကိုလည်း သေနတ်ဖြင့် ပစ်ခတ်ဖျက်ဆီးသွားကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်သည် ထိန်တွင်းရွာတွင် ညအိပ်ကာ ယနေ့ နိုဝင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ပြန်ထွက်ခွာသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထိုသို့ထွက်ခွာရာတွင် စစ်ကောင်စီတပ်သည် မြေတင်ကားဖြင့် ဒေသခံများ၏ ဆိုင်ကယ်နှင့် အသုံးဆောင်ပစ္စည်းများကို နှစ်ကြိမ် သယ်ဆောင်သွားကြောင်း ‌မျက်မြင်တွေ့ရှိသည့် ဒေသခံအချို့က ဆိုသည်။

“ကုန်စုံဆိုင်တွေဆိုရင် ဆိုင်တိုင်းနီးပါး အဖောက်ခံရတယ်။ နောက်ပြီး ဆိုင်ကယ်တွေ ယူသွားတယ်” ဟု ‌ဒေသခံတစ်ဦးက ပြောသည်။

ဘုန်းကြီးကျောင်းဝင်းအတွင်း ဖမ်းဆီးထားသည့် ရွာသားများကို ယနေ့ နံနက်တွင် ပြန်လွှတ်ပေးခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် နခံတောရွာဘက်သို့ မြေတင်ကားဖြင့် ထွက်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

အထက်ပါအခြေအနေများကြောင့် ထိန်တွင်း၊ ခမောင်းတောင်ရွာတို့က ဒေသခံများ ယမန့်နေ့ မွန်းတည့်အချိန်မှ ယနေ့ အထိ နေအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင်း ဒေသခံများက ပြောဆိုသည်။

“ဒီမနက် ၆ နာရီလောက်က ထိန်တွင်းဘက်ကနေ သေနတ်ပစ်သံကြားရတယ်။ ကျွန်မတို့လည်း အဲဒီကတည်းက ရွာကနေ ထွက်လာတာပဲ” ဟု ခမောင်းတောင်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်း ထိန်တွင်းရွာသို့ ပြန်လာမည်ဟု ခြိမ်းခြောက်ပြောဆိုသွားခဲ့သောကြောင့် နေရပ်ပြန်ရန် အခြေအနေစောင့်ကြည့်နေကြရကြောင်း ဒေသခံအချို့က ဆိုသည်။