BREAKING
December 22, 2024

မြိတ်တွင် ပွဲတော်ကာလ သစ်သီးရောင်းအားကောင်းသော်လည်း တွက်ခြေမကိုက်ဟု ဆိုင်ရှင်များပြော

November 19, 2024

မြိတ်မြို့၌ သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ကဲ့သို့ ပွဲတော်ရက်များတွင် သစ်သီးရောင်းအားကောင်းသော်လည်း တွက်ခြေမကိုက်ခဲ့ကြောင်း သစ်သီးအရောင်းဆိုင်ပိုင်ရှင်များက ပြောသည်။

ပွဲတော်ကာလများတွင် လိမ္မော်သီး၊ ပန်းသီး၊ နဂါးမောက်သီးကဲ့သို့ သစ်သီးများ ရောင်းအားကောင်းခဲ့သော်လည်း အမြတ်ရရှိမှုနည်းပါးနေကြောင်း ၎င်းတို့က ဆိုသည်။

ထိုင်းဘတ်ဈေးအတက်အကျမြန်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်ကြီးခြင်းတို့ကြောင့် ယခင်နှစ်ကထက် အမြတ်ကျန် နည်းနေခြင်းဖြစ်ကြောင်း ပြီးခဲ့သည့်ငါးနှစ်ခန့်ကတည်းက သစ်သီးရောင်းနေသည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“အရင်က သစ်သီးတစ်ပုံးရောင်းရင် တစ်ပုံးဖိုး မြတ်တယ်။ အခုက နှစ်ပုံးရောင်းရင်တောင် အရေအတွက်ပဲ တိုးလာပြီး အမြတ်က မသိသာဘူး” ဟု ၎င်းက ပြောသည်။

မြိတ်ဒေသတွင် ရောင်းချနေသည့် သစ်သီးများကို ထိုင်းနိုင်ငံဘက်က တင်သွင်းကြသလို ရန်ကုန်ဘက်က တင်သွင်းကြသူများလည်း ရှိသည်။

“ထိုင်းဘက်က သစ်သီးတွေဆိုရင်တော့ ဘတ်ဈေးအခြေအနေကြောင့် အမြတ်ကျန်နည်းတာပေါ့။ ပြည်တွင်းက သစ်သီးတွေ ဆိုရင်လည်း လမ်းစရိတ် တန်ဆာခတွေကြောင့် ဈေးကကြီးပြီး အမြတ်နည်းပြန်ရော” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကျပ်ငွေတန်ဖိုးကျဆင်းပြီး ငွေလဲနှုန်းမြင့်တက်လာသည့်အတွက် သစ်သီးများအပါအဝင် အခြားကုန်ပစ္စည်းများ ဈေးအဆမတန်တက်သွားခဲ့သည်။

ထို့နောက် ဘတ်ငွေတန်ဖိုးပြန်ကျလာပြီး ငွေလဲနှုန်းထား အတက်အကျမြန်သဖြင့် သစ်သီးရောင်းချရာတွင် အမြတ်ကျန် နည်းနေခြင်းဖြစ်ကြောင်း သစ်သီးရောင်းသူအချို့က ပြောဆိုသည်။

“လုပ်ငန်းရပ်တည်နိုင်ရုံလောက်ပဲရတယ်။ အရင်နှစ်တွေနဲ့ ယှဉ်ရင်တော့ အမြတ်က သိသိသာသာ လျော့တယ်” ဟု ဆိပ်ငယ်ဈေးတွင် သစ်သီးရောင်းနေသူတစ်ဦးက ပြောသည်။

ရန်ကုန်ဘက်က သစ်သီးတင်သွင်းရာတွင်လည်း ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် လမ်းခရီးတွင် ပုပ်သိုးပျက်စီးမှုများပြီး ဆုံးရှုံးမှုများနေကြောင်း ၎င်းက ဆိုသည်။

မြိတ်မြို့တွင် ရောင်းချနေသည့် သစ်သီးများကို တနင်္သာရီမြို့နယ်ရှိ မောတောင်နယ်စပ်နှင် ကော့သောင်းနယ်စပ်မှတစ်ဆင့် တင်သွင်းကြသလို ရန်ကုန်ဘက်ကလည်း ဝယ်ယူရောင်းချနေကြသည်။