မွန်နှင့် တနင်္သာရီဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းထံသို့ နိုဝင်ဘာ လဆန်းပိုင်းတွင် စစ်ကောင်စီတပ်သားခြောက်ဦးဘက်ပြောင်းခိုလှုံလာကြောင်း ယင်းစစ်ကြောင်းက နိုဝင်ဘာလ ၁၈ရက်က ထုတ်ပြန်သည်။
ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် စစ်ကောင်စီ အမှတ် (၂၇၃) ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်သားငါးဦးနှင့် တောင်ပိုင်း ရေတပ်ကွပ်ကဲရေးဌာနက ရေတပ်သားတစ်ဦး စုစုပေါင်း ခြောက်ဦး ခိုလှုံလာကြခြင်းဖြစ်ကြောင်း ဒေါနစစ်ကြောင်း ပြန်ကြားရေးထံမှ သိရသည်။
အဆိုပါခြောက်ဦးအနက် ရေတပ်သားတစ်ဦးသည် MA 1 သေနတ်တစ်လက်၊ ကျည်ဘောက် သုံးခု၊ ကျည်ဆန်အတောင့်ရေ ၁၆၀ ကျော်နှင့်အတူ လာရောက်ခိုလှုံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“၂၇၃ တပ်ကတော့ သူတို့ဘာသာထွက်လာပြီး လမ်းရောက်မှ (အမည်မဖော်လိုတဲ့) ရွာသားကနေတစ်ဆင့် ချိတ်ဆက်တာ ပါဗျ။ ရေတပ်သားကတော့ တိုက်ရိုက်ချိတ်ဆက်ပြီးလာတာပါ။ ၂၇၃ က ထွက်လာတဲ့ ငါးယောက်စလုံးက စစ်မှုထမ်း သင်တန်းဆင်းတွေပါ” ဟု ဒေါနစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်ယုယက ပြောသည်။
ယင်းသင်တန်းဆင်းငါးဦးမှာ စစ်မှုထမ်းအပတ်စဥ် (၁) က သုံးဦးနှင့် အပတ်စဥ် (၂) က နှစ်ဦးတို့ဖြစ်ကြပြီး သင်တန်းသုံးလ ဆင်းပြီးကတည်းက ခလရ ၂၇၃ သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ခိုလှုံလာသည့် စစ်ကောင်စီ တပ်သားများ၏ ပြောကြားချက်ကို ကိုးကား၍ ရဲဘော်ယုယက ဆိုသည်။
အဆိုပါ ခိုလှုံလာသူများကို စစ်ကြောင်း၏ သတ်မှတ်ချက်အလိုက် ဆုကြေးချီးမြှင့်ထားပြီး စစ်ကြောင်းတွင် ခိုလှုံခွင့်ပြုထားကြောင်း ၎င်းက ပြောဆိုသည်။
“လက်ရှိမှာတော့ စစ်ကြောင်းမှာပါပဲ။ သူတို့စိတ်သဘောဆန္ဒအရ ဆက်လက်ဆောင်ရွက်ပေးဖို့တော့ရှိပါတယ်” ဟု ရဲဘော်ယုယက ဆက်လက်ပြောဆိုသည်။
ယခုနှစ် စက်တင်ဘာလအထိ ဒေါနစစ်ကြောင်းထံ ဘက်ပြောင်းခိုလှုံသူ ၁၀ကျော်ရှိခဲ့ပြီး ဘက်ပြောင်းခိုလှုံလာသူများကို လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့်အညီ ထားရှိကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည် ဩဂုတ်လနှင့် စက်တင်ဘာလဆန်းတို့တွင်လည်း တနင်္သာရီတိုင်း၌ စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၁) ထံခိုလှုံသည့်ဖြစ်စဉ်နှင့် အဓမ္မစစ်သားစုဆောင်း ခံရသူများ ပြန်လည်ခုခံထွက်ပြေး၍ ကေအန်ယူ တပ်မဟာ (၄) ထံ ခိုလှုံသည် ဖြစ်စဉ်များရှိခဲ့သည်။