BREAKING
January 13, 2025

နယ်မြေရှင်းရန်သွားသည့် စစ်ကောင်စီတပ်စစ်ကြောင်း မူးဒူးရွာတွင် တိုက်ခိုက်ခံရ

November 19, 2023

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာရှိ မူးဒူရွာသို့ နယ်မြေရှင်းရန်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း သည် နိုဝင်ဘာ ၁၈ ရက်ညနေက ကြားဖြတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

မူးဒူးရွာအရှေ့ဘက်မှလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို အဆိုပါနေ့ ညနေသုံးနာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ဆွဲမိုင်း အပါအဝင် လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ဆွဲမိုင်းနဲ့တိုက်တဲ့အချိန်မှာ စစ်သားငါးဦးလောက် ပုံလဲသွားတာမြင်ရတယ်။ သေတယ် မသေဘူးဆိုတာတော့ ကျွန်တော်တို့ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဘက်ပစ်ခတ်မှု  မိနစ်နှစ်ဆယ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုနောက် စစ်ကောင်စီတပ်သည် မူးဒူးရွာစာသင်ကျောင်းတွင် ယနေ့ (နိုဝင်ဘာ ၁၉) ညနေပိုင်းအထိ ယာယီတပ်စွဲထားပြီး ဒေသခံ ၂၀ ဦးခန့်ကိုဖမ်းဆီးထားကာ ကျေးရွာအတွင်းရှိ နေအိမ်အချို့ကိုလည်း မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ အခုထိ ရွာနားကို ဘယ်လိုမှကပ်လို့မရသေးဘူး လက်နက်ကြီးနဲ့ပစ်တာ။ မနေ့ကတော့ အိမ်တစ်ဆောင်မီးရှို့ခံရတယ်။ ဒီနေ့ရှို့ခံရ‌တာကတော့ များ‌တယ် မီးခိုးတွေပဲမြင်နေရတယ် ရွာ တစ်ပြင်(ရွာ)လုံးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာသည့်အတွက် မူးဒူးရွာနေ ဒေသခံထောင်ချီမှာ နေအိမ်စွန့်ခွာပြီး ထွက်ပြေးနေရသည်။

ယင်းကြောင့် မီးရှို့ခံရသည့် နေအိမ်အရေအတွက်ကို  အသေးစိတ်မသိရသေးပေ။

ပြီးခဲ့သည့်အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း မူးဒူးရွာတွင် နေအိမ် ၁၉ ဆောင် မီးရှို့ခံရသေးသည်။