BREAKING
October 19, 2024

ရေးမြို့နယ် စံပြရွာရှိ စစ်ကောင်စီစခန်းကုန်းကို ဝင်တိုက်၊ နှစ်ဘက်ထိခိုက်သေဆုံး

October 19, 2024

ဓာတ်ပုံ - ဒေါနစစ်ကြောင်း

ရေး – ထားဝယ်ကားလမ်းမပေါ်ရှိ ရေးမြို့နယ် ၊ စံပြရွာအနီးမှ စစ်ကောင်စီ၏ အထိုင်စခန်းကုန်းကို ဒေါနစစ်ကြောင်းနှင့် မွန်တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ယင်းမဟာမိတ်အင်အားစုများက ယနေ့ အောက်တိုဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၁၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ် တွင် စခန်းကုန်းမှ ကင်းလှည့်လာသော စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေး မဟာမိတ်အင်အားစုများ တိုက်ပွဲစတင်ဖြစ်ပွားပြီး တစ်နာရီကျော်အကြာ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု တိုက်ပွဲတွင်ပါဝင်သည့် ဒေါနစစ်ကြောင်း ရဲဘော်များထံကသိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ခမရ ၅၈၈ တပ်ရင်းမှ ဗိုလ်ကြီး လှိုင်ဝင်းထွဋ် အပါအဝင် ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရကာ လူနာတင်ယာဥ် လေးစီးဖြင့် ရေးမြို့ဆေးရုံသို့ သယ်ဆောင်သွားကြောင်း မြေပြင်သတင်းပေးချက်အရ အတည်ပြုနိုင်ခဲ့သည်ဟု ဒေါနစစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ခံ ရဲဘော်ယုယ ကပြောသည်။

ယင်းအပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများထံမှ MA 1 နှင့် MA 2 သေနတ်နှစ်လက် သိမ်းဆည်းရမိကြောင်း ဓာတ်ပုံမှတ်တမ်းဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တော်လှန်ရေးတပ်များဘက်ကလည်း မဟာမိတ်အင်အားစုတွင် ပါဝင်သည့် ရေးပျောက်ကျားတပ်ဖွဲ့ မှ ရဲဘော်မိုးကြိုးနှင့် ဒေါနစနိုက်ပါတပ်စုမှ ရဲဘော်သော်ဇင်တို့ တိုက်ပွဲအတွင်း သေဆုံးကာ အခြားရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့သည်ဟု ဒေါနစစ်ကြောင်း ထံကသိရသည်။

ခမရ ၅၈၈ စစ်ကောင်စီ တပ်ရင်းမှ အထိုင်ချထားသည့် စံပြရွာအနီးစခန်းကုန်း နှင့်ပတ်သက်၍ ရဲဘော်ယုယ က “စစ်ရေးအရဘယ်လိုအရေးပါလဲဆိုတော့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး စိုးမိုးရေးအတွက် တစ်စိတ်တစ်ပိုင်း အရေးပါတဲ့နေရာဖြစ်ပါတယ် ” ဟု တိုက်ခိုက်ရသည့် ရည်ရွယ်ချက်ကို ရှင်းပြသည် ။

တိုက်ပွဲဖြစ်နေစဥ်အတွင်း ရေးမြို့ အခြေစိုက် ခလရ ၁၀၆ စစ်ကောင်စီတပ်ရင်းက လက်နက်ကြီး ပစ်ကူလေးကြိမ်ပေးခဲ့ပြီး စံပြရွာအတွင် သုံးလုံးပေါက်ကွဲကာ နေအိမ်တစ်လုံး ပျက်စီးခဲ့သည်ဟု ဒေါနစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည် ။

တိုက်ပွဲဖြစ်ချိန်သည် နံနက်အစောပိုင်းဖြစ်သဖြင့် ဖြတ်သွားဖြတ်လာယာဥ်များ မရှိသောကြောင့် လမ်းသွားလမ်းလာ အရပ်သားထိခိုက်မှုမရှိခဲ့ဟု တိုက်ပွဲတွင်ပါဝင်သည့် ရဲဘော်များကဆိုသည်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က စံပြရွာဘက်သို့ အင်အားတိုးချဲ့ထားပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ရဲဘော်ယုယက လက်ရှိအခြေအနေအားပြောပြသည်။

စံပြစခန်းကုန်းတိုက်ပွဲတွင် သေဆုံးခဲ့သည့် ရဲဘော်နှစ်ဦး၏ စျာပနကို အောက်တိုဘာလ ၁၈ ရက်တွင် ဒေါနစစ်ကြောင်း က ပြုလုပ်ပေးခဲ့ပြီး တနင်္သာရီဒေသမှ မဟာမိတ်များဖြစ်သည့် ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့ နှင့် Launglone Peninsula Force တို့က ဝမ်းနည်းကြောင်း သဝဏ်လွှာ အသီးသီးပို့ခဲ့ကြသည်။

စံပြရွာစခန်းကုန်းတိုက်ပွဲကို ဒေါနတပ်ရင်း တပ်ရင်းလုံခြုံရေးတပ်ခွဲ၊ ရေးပျောက်ကျားတပ် YGF တပ်ခွဲ၊ ဗျူဟာ (၃၃) အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊KNLA တပ်ရင်း(၂၇)၊မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP – AD)၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တပ်ရင်း ၁၊YPDF တို့မှပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

အောက်တိုဘာလ ၈ ရက်ကလည်း မုဒုံမြို့နယ် အဘစ်ရွာအခြေစိုက် အမှတ် ၃၁၈ စစ်ကောင်စီအမြောက်တပ်ရင်းကို မွန်၊ကရင်၊တနင်္သာရီတော်လှန်ရေးအင်အားစုများ ပူးပေါင်းကာ ဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့သေးသည်။