BREAKING
October 19, 2024

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

October 19, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာ ၁၃ ရက်မှ ၁၉ ရက်အထိ

အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံတွေအဖြစ် မြန်မာနဲ့ တရုတ်ပူးတွဲရပ်တည်

ကမ္ဘာမှာ အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံတွေအဖြစ် မြန်မာနဲ့ တရုတ်နိုင်ငံတို့ ပူးတွဲရပ်တည်နေတယ်လို့ အမေရိကန်အခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Freedom House ရဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြပါတယ်။

အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တော်လှန်ရေးလုပ်နေတဲ့၊ တော်လှန်ရေးအားကောင်းတဲ့ မြို့နယ်တွေကို စစ်ကောင်စီဟာ အင်တာနက် ဖြတ်တောက်ထားတယ်လို့ ထောက်ပြပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်အသုံးပြုခွင့် ပိတ်ပင်ထားတာတွေကို ကျော်လွှားပြီးအသုံးပြုတဲ့ ကွန်ရက်အတု VPN ကိုလည်း ပြီးခဲ့တဲ့ မေလမှာ ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကို အွန်လိုင်းပေါ်ကနေ ဝေဖန်သူတွေ၊ ဆန့်ကျင်သူတွေ၊ ဆန့်ကျင်တဲ့ လှုပ်ရှားမှုလုပ်သူတွေကိုလည်း ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်အရေးယူခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် ကမ္ဘာ့ အင်တာနက်လွတ်လွပ်ခွင့်က ၁၄နှစ် ဆက်တိုက်ကျဆင်းနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကြောင့် လူနှစ်ရာကျော်ကို စစ်ကောင်စီက ဖမ်းဆီးအရေးယူထားတယ်လို့ အသံအဖွဲ့က အောက်တိုဘာလ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

……………………………………..

နှစ်လကျော်တိုက်ခိုက်ပြီး သီပေါမြို့ကို တအာင်းတပ်သိမ်းယူ

အပစ်ရပ်ဖို့ တရုတ်ဘက်က ဖိအားနေတဲ့အချိန်မှာပဲ ရှမ်းမြောက်က သီပေါမြို့ကို တအာင်းတပ်မတော် (TNLA) က အောက်တိုဘာလ ၁၃ရက်မှာ သိမ်းယူလိုက်ပါတယ်။

စတင်တိုက်ခိုက်ပြီး နှစ်လကျော်အကြာ သီပေါမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် ခြေလျင်တပ်ရင်းဖြစ်တဲ့ ခလရ ၂၃ကို သိမ်းယူပြီး မြို့ကိုအလုံးစုံထိန်းချုပ်နိုင်ခဲ့တာလို့ တအာင်းတပ်က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၆ရက်မှာ သီပေါအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၀၃နဲ့ စက်တင်ဘာလ ၂၇ ရက်မှာ ခမရ ၅၀၄ တို့ကို သိမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီစခန်းတွေသိမ်းယူရာမှာ ကလေးငယ်တွေ အပါအဝင် တပ်မိသားစုဝင် ၁၉၁ ဦးနဲ့ အဓမ္မစစ်မှု ထမ်းခိုင်းထားတဲ့ ရဲမေ ၇၈ ဦးကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ တပ်မိသားစုဝင်တွေနဲ့ ရဲမေတွေကိုတော့ အောက်တိုဘာလ ၁၂ ရက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ တအာင်းတပ်က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ အကြိမ်ရေ ၁၇၀ကျော်၊ လက်နက်ကြီးအကြိမ်ရေ ၁၉၀၀ နီးပါး အပြင် ရော့ကတ်ဒုံးကျည်၊ ဟောင်ဝိဇာလက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးပြီး ၈၀ ဒဏ်ရာရတဲ့အပြင် စာသင်ကျောင်းနဲ့ လူနေအိမ်တွေလည်း လေယာဉ်ဗုံးစ ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်ဘက်က ပြောဆိုထားပါတယ်။

၂၀၂၇ စစ်ဆင်ရေးတစ်ကျော့ပြန်စတင်ပြီးနောက် တအာင်းတပ်က နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲမြို့တွေကို သိမ်းယူထားတဲ့အတွက် သီပေါဟာ ပဉ္စမမြောက် သိမ်းယူတဲ့ မြို့ဖြစ်လာပါတယ်။

……………………………………..

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ကိုသွားမယ်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို လာမယ့်နိုဝင်ဘာလမှာ သွားရောက်ဖို့ရှိနေတယ်လို့ AFP သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ပြီးခဲ့တဲ့ ဩဂုတ်လက မြန်မာနိုင်ငံကို လာရောက်တဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ကို စီစဉ်ထားခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီဝန်ကြီးတွေနဲ့ ဒုစစ်ခေါင်းဆောင် ဒုဗိုချုပ်မှူးကြီး စိုးဝင်းတို့ တရုတ်နိုင်ငံကို သွားရောက်ခွင့်ရခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အာဏာသိမ်း လေးနှစ်ပြည့်ခါနီးမှ ပထမဆုံးအကြိမ် သွားရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

ခရီးစဉ်မှာ ဘယ်သူတွေနဲ့တွေ့ဖို့ရှိတယ်၊ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခွင့် ရမရဆိုတာတွေကိုတော့ မသိရသေးပါဘူး။ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာတော့ တရုတ်အစိုးရက နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တိုက်ပွဲရပ်ဆိုင်းဖို့ ဖိအားပေး ခြိမ်းခြောက်တာတွေ ရှိလာပါတယ်။

တရုတ်ဟာ စစ်ကောင်စီနဲ့ ပိုမိုနီးနီးကပ်ကပ် ဆက်ဆံလားပြီး စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ထောက်ခံအားပေးထားပါတယ်။

တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနဲ့ ‘ဝ’ တပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ ဆွေနွေးခဲ့ချိန်မှာလည်း တိန့်ရှီကျွင်းက တရုတ်အစိုးရဟာ စစ်ကောင်စီတပ်ပြိုကျမှာ လုံးဝလက်ခံမှာမဟုတ်ဘူး၊ စစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံရေးမှာ မရှိမဖြစ်အဖွဲ့ဖြစ်တာကြောင့် အပြည့်အဝ ထောက်ခံမယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီလို ပြောဆိုထားတဲ့ လျှို့ဝှက်အစည်းအဝေးမှတ်တမ်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ပေါက်ကြားလာခဲ့တာပါ။ 

……………………………………..

ပန်ဝါမြို့ကို KIA သိမ်းယူ၊ ကန်ပိုက်တီမြို့အနီး တိုက်ပွဲပြင်းထန်

တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ (၁) က နယ်ခြားစောင့်တပ်ဌာနချုပ်အခြေစိုက်တဲ့ ပန်ဝါမြို့ကို ကချင် လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ပူးပေါင်း PDF တပ်ဖွဲ့တွေက အောက်တိုဘာလ ၁၈ ရက်မှာ သိမ်းယူလိုက်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ် (မြို့စောင့်တပ်) ကို အောက်တိုဘာလ ၁၄ မှာ သိမ်းယူပြီးနောက် ငါးရက်အကြာမှာ မြို့ကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် ပန်ဝါမြို့က ဒေသခံထောင်ချီဟာ နယ်စပ်ခြံစည်းရိုးအနီးကို တိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မြို့ကိုသိမ်းယူပြီး နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေတယ်လို့ KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက မီဒီယာ တွေမှာ အတည်ပြုထားပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းရှိတဲ့ ကန်ပိုက်တီမြို့အနီးနဲ့ ချီဖွေမြို့နယ်တွေမှာလည်း နယ်ခြားစောင့်တပ်တွေနဲ့ KIA တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ပန်ဝါ၊ ကန်ပိုက်တီ၊ ချီဖွေဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ ထိန်းချုပ်နယ်မြေတွေဖြစ်ပြီး အောက်တိုဘာလဆန်းပိုင်းမှာလည်း ဆော့လော်နဲ့ ချီဖွေမြို့တွေကို KIA က သိမ်းယူခဲ့ပါသေးတယ်။

……………………………………..

KIA ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်အစိုးရပိတ်

တရုတ်နယ်စပ်အနီးမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ပွဲရပ်ဆိုင်းဖို့ ဖိအားပေးနေတဲ့ တရုတ်အစိုးရဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေထဲက နယ်စပ်ဂိတ်တွေကို ပိတ်လိုက်ပြီဖြစ်ပါတယ်။

တရုတ်-မြန်မာနယ်စပ်က ပန်ဝါမြို့ကို KIA သိမ်းယူတဲ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာပဲ နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တာလို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

Myanmar Now သတင်းတစ်ရပ်မှာတော့ တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းဟာ KIO/KIA ယာယီဥက္ကဋ္ဌနဲ့ အောက်တိုဘာလ ၁၇ ရက်မှာ ယူနန်ပြည်နယ် ယင်ကျင်းမြို့မှာ တွေ့ဆုံပြီး စစ်ပွဲရပ်ဖို့ ဖိအားပေးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဖိအားပေးတာ လက်မခံတာကြောင့် နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာလို့လည်း ဆိုပါတယ်။

……………………………………..

CDF ထန်တလန်စစ်ဦးစီးချုပ် မြို့ပေါ်တိုက်ပွဲမှာသေဆုံး

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ထန်တလန်ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇဲလ် (Salai Ram Zel) သေဆုံးပါတယ်။

ထန်တလန်မြို့ပေါ်က NLD ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာလ ၁၂ရက်က တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကျည်စထိမှန် သေဆုံးတာလို့ ဒေသတွင်းနဲ့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ထန်တလန်မြို့ကို သိမ်းယူဖို့ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်နေတာ လနဲ့ချီကြာမြင့်နေပြီ ဖြစ်ပြီး လက်ရှိ မြို့ပေါ်က NLD ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲစခန်းတို့ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။ မြို့သိမ်းတိုက်ပွဲမှာ CDF ထန်တလန်စစ်ဦးချုပ်အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးပြီး ၅၀ လောက်ဒဏ်ရာရတယ်လို့ RFA မြန်မာပိုင်းသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇဲလ်ဟာ သေဆုံးချိန်မှာ အသက် ၃၀ အရွယ်ဖြစ်ပြီး သူ့မှာ အမျိုးသမီးနဲ့ ကလေးနှစ်ဦးကျန်ရစ်ခဲ့ပါတယ်။

……………………………………..