BREAKING
October 19, 2024

တနင်္သာရီတိုင်းတွင် ခြောက်ရက်ဆက် မိုးရွာနိုင်

October 19, 2024

ပုံစာ - ယနေ့ အောက်တိုဘာလ ၁၉ ရက် ညနေပိုင်း ထားဝယ်မြို့၏ မိုးလေဝသ အခြေအနေကို တွေ့ရစဉ်။

တနင်္သာရီတိုင်းတွင် ယနေ့အောက်တိုဘာလ ၁၉ ရက်မှ အောက်တိုဘာလ ၂၄ ရက်အတွင်း တိုင်းအတွင်းရှိ ဒေသအချို့တွင် မိုးရွာသွန်းနိုင်ပြီး အချို့နေရာတို့တွင် မိုးကြီးနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထိုင်းပင်လယ်ကွေ့မှ ရွေ့လျားလာနိုင်သော လေပွေလှိုင်းများအခြေအနေ၊ ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်အော်တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအခြေအနေ၊ အပူပျံတက်တိမ်အားကောင်နေခြင်း စသည်တို့ကြောင့် တိုင်းအတွင်း မိုးရွာ၊ မိုးကြီးနိုင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြတ်ရေကြီးခြင်း၊ မြေပြိုခြင်းတို့ဖြစ်ပွားနိုင်ကြောင်းလည်း မိုးလေဝသ အထူးသတင်းအနေဖြင့် ဖော်ပြထားသည်။

စပါးစိုက်တောင်သူတို့နှင့် ရော်ဘာတောင်သူတို့မှာမူ မိုးရွာသွန်းလျှင် ပျက်စီးဆုံးရှုံးမည်ကို စိုးရိမ်ကြောင်း ဆိုသည်။

“ဒီအချိန်မိုးရွာရင် စပါးဆိုလည်း အပင်ကျိုးကုန်တော့ စပါးရိတ်တဲ့အခါကျ ဆုံးရှုံးများတယ်။ ပြီးတော့ စပါးအဖျင်းလည်း များတယ်” ဟု လယ်သမားတစ်ဦးက ပြောသည်။

ရော်ဘာတောင်သူတို့မှာမူ မိုးရွာသွန်းပါက အစေးခြစ်မရသဖြင့် တွက်ခြေမကိုက်ကြောင်း ပြောဆိုသည်။

“တိုက်ပွဲဖြစ်လည်းနား၊ မိုးရွာလည်းနား၊ နားနေရတာ အလုပ်လုပ်ချိန်ကို မရှိတော့ဘူး” ဟု ရော်ဘာတောင်သူ ဦးဖေကြိုင်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာနကလည်း မိုးစပါးရိတ်သိမ်း‌ချိန်တွင် အဖျက်မိုးများ ရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ မိုးဇလဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအထက်ပိုင်း၊ အလယ်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသတို့တွင် မုတ်သုံ ဆုတ်ခွာသွားပြီဖြစ်ပြီး ကမ်းရိုးတန်းဒေသဖြစ်သည့် တနင်္သာရီတိုင်းတွင်မူ မုတ်သုံဆုတ်ခွာခြင်း မရှိသေးကြောင်း ဆိုသည်။

ယခုတပတ်အတွင်း တနင်္သာရီတိုင်းရှိ ဒေသအချို့တွင် မိုးရွာသွန်းမှုများရှိနေကြသဖြင့် ရော်ဘာတောင်သူများ၊ လယ်သမားများ ညည်းတွားနေကြသည်။