BREAKING
October 19, 2024

စျေးဝယ်စင်တာထဲ သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်သည်သံသယဖြင့် မြန်မာတစ်ဦးဖမ်းဆီးခံရ

October 19, 2024

ထိုင်းနိုင်ငံ ခွန်ကယ်ဒေသရှိ Cenral Plaza ရှောပင်းစင်တာအတွင်း သေနတ်ဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု သံသယရှိသူ မြန်မာနိုင်ငံသားကို တွေ့ရှိခဲ့ပြီဖြစ်ပြီး ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူသည် အသက် ၂၂ နှစ်အရွယ် စိုင်းစန်ဖောအမည်ရှိ မြန်မာနိုင်ငံသားဖြစ်သည်။

၎င်းကို အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းက ပထုံဌာနီခရိုင် လမ်လုကာဒေသရှိ အလုပ်သမားတန်းလျားတွင် ရဲတပ်ဖွဲ့များက လာရောက်ဖမ်းဆီး ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၁၇ ရက်နေ့ ညနေက ခွန်ကယ် Facebook Group ထဲသို့ ပိုစ့်တင်ပြီး ရှောပင်းစင်တာထဲသို့ သေနတ်ဖြင့် အချက်ရေ ၅၀ ခန့် ဝင်ရောက်ပစ်ခတ်မည်ဟု ခြိမ်းခြောက်ထားခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Facebook ပေါ်တွင် ပိုစ့်တင်ခြိမ်းခြောက်သူ၏ အမည်ကို ရှမ်းဘာသာစကားဖြင့် ရေးသားထားပြီး Profile ပုံကို တိုက်ဆိုင်စစ်ဆေးကာ မြန်မာနိုင်ငံသားကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

သို့သော်လည်း ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားက စွပ်စွဲချက်အားလုံးကို မသိဟု ငြင်းဆိုထားသည်။

Facebook ပေါ်တွင် ခြိမ်းခြောက်ခဲ့သူက “နောက် ၃၀ မိနစ်အကြာမှာ စင်တာထဲ တွေ့ကြရအောင်။ လူ ၅၀ လောက်ကို ပစ်ဖို့လုပ်ထားတယ်။ အဲ့ထဲက ၂၀ လောက် သေနိုင်တယ်” ဟု အဓိပ္ပာယ်ရသည့် ခြိမ်းခြောက်စာကို ထိုင်းဘာသာဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။

ပိုစ့်ကိုလည်း ကျည်ဆန်အပြည့်ဖြည့်ထားသော သေနတ်တစ်လက်နှင့်အတူ ပူးတွဲတင်ခဲ့ပြီး သေနတ်ကိုရရှိရန် ၆ လအထိ စောင့်ဆိုင်ခဲ့ရကြောင်းကိုလည်း ရေးသားထားခဲ့သည်။

အလုပ်ရှင်က ဘတ် ၆၀၀၀ လိမ်သွားခဲ့သဖြင့် ပြန်တောင်းသော်လည်း မပေးခဲ့ရာ ရဲစခန်းထံ အကူအညီ တောင်းခံခဲ့သော်လည်း အကူအညီမရသဖြင့် ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း ပိုစ့်တင်ခဲ့သူ၏ ဖြေကြားခဲ့ချက်ကို သတင်းဌာနတစ်ခုတွင် ဖော်ပြထားသည်။

ယင်းခြိမ်းခြောက်စာ တက်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံသားများလည်း စိုးရိမ်မှုများရှိလာခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ရှောပင်းစင်တာထဲ လုံခြုံရေးယူပေးခဲ့ကာ ပိုစ့်တင်ခဲ့သူကို လိုက်လံရှာဖွေဖမ်းဆီးနေခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားသည် Facebook ပေါ်တွင် ပိုစ့်တင်ခဲ့သော သံသယရှိသူ ဟုတ်မဟုတ် သေချာမသိရသေးဘဲ ၎င်း၏ အကောင့်စစ် ဟုတ်မဟုတ်ကိုလည်း အတည်မပြုနိုင်သေးသဖြင့် သက်သေများကို တိုက်ဆိုက်စစ်ဆေးသွားပြီး အတည်ပြုပေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုထားသည်။

Ref: Amarin TV, Daily News, CH 3 Plus