BREAKING
October 19, 2024

စစ်ကြောင်းထိုးနေသဖြင့် လောင်းလုံးက ကထိန်ပွဲအချို့ ဖျက်သိမ်း

October 19, 2024

ပုံစာ - ထားဝယ်ခရိုင်အတွင်းရှိ ဒေသတစ်ခုမှ တစ်ပတ်စာ ကထိန်ဖိတ်စာ

လောင်းလုံးမြို့အောက်ဘက်ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသဖြင့် ကထိန်ပွဲအချို့ဖျက်သိမ်းလိုက်ရကြောင်း ဒေသခံတို့က ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် လောင်းလုံးမြို့အောက်ဘက် ညင်းမော်၊ ဂေါ့အင်း၊ အောက်ရေဖြူ ကျေးရွာများသို့ သတင်းကျွတ်ကာလမတိုင်မီ အောက်တိုဘာလ ၁၃ ရက်ကတည်းက အင်အားအမြောက်အများအသုံးပြုကာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ယင်းကဲ့သို့ စစ်ကြောင်းထိုးနေသဖြင့် သီတင်းကျွတ်ပွဲတော်အပြီးတွင် ကထိန်ပွဲကျင်းပရန် စီစဉ်ထားသူအချို့မှာ အစီအစဉ်​ ဖျက်သိမ်း​ခဲ့ရသည်။

“ကျွန်တော်တို့မှာတော့ဖျက်လိုက်ပြီ။ စစ်တပ်ရှိနေရင် အလှူဘယ်လိုလုပ်မှာလဲ။ အလှူကိုလာတဲ့သူလည်းရှိမှာမဟုတ်ဘူး။ အဲဒါကြောင့် သူတို့ပြန်ထွက်မှလုပ်မယ်လို့ ရက်ရွေ့ထားလိုက်တယ်” ဟု အလှူရှင်တစ်ဦးကပြောဆိုသည်။

အခြားအလှူရှင်တစ်ဦးကလည်း ရဟန်းလောင်းများကိုမူ ရဟန်းခံပေးထားပြီး အကျွေးအ‌မွေးကိစ္စကိုမူ ရက်ရွေ့ထားလိုက်ကြောင်း ပြောဆိုသည်။

“အလှူရှင်ရက်ရွှေ့ထားတာကို နီးစပ်ရာတွေဆီ ဖုန်းဆက်ပြီးလိုက်ပြောနေရတယ်” ဟု ၎င်းကဆိုသည်။

ဒေသခံများမှာ ကထိန်အလှူအတွက် ကျပ်သိန်းရာချီအကုန်အကျခံပြုလုပ်လေ့ရှိသည်။ လက်ရှိတွင်မူ အလှူအတွက်ကြိုတင်ဝယ်ယူထားသည့် ပစ္စည်းများ ဆုံးရှုံးနေရကြောင်းပြောဆိုကြသည်။

“ပုပ်သိုးတတ်တဲ့ပစ္စည်းတွေတော့ အကုန်ဆုံးသွားပြီး။ အလှူလုပ်ဖြစ်ရင် အဲဒါတွေကပြန်ဝယ်မှပဲရတော့မယ်။ ဖိတ်စာတွေလည်း အသစ်ပြန်ရိုက်မှရတော့မယ်” ဟု အလှူရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် နေအိမ်များအားဖောက်ထွင်းဝင်ရောက်ပြီး ရှိသမျှပစ္စည်းများအား အဓမ္မယူဆောင်သွားကြသည့်အထဲ ကထိန်အလှူအတွက် ကြိုတင်ဝယ်ယူစုဆောင်းထားသည့် ပစ္စည်းများကိုလည်း စစ်ကောင်စီတပ်က အဓမ္မသိမ်းဆည်းယူဆောင်သွား‌ကြောင်း ဒေသခံတို့က ပြောသည်။

ရပ်နား၊ ရက်ရွှေ့လိုက်ကြသည့် ကထိန်ပွဲများရှိနေသလို စစ်ရေးတင်းမာနေသည့်ကြားထဲ စိုးရိမ်စိတ်ဖြင့် ကထိန်ပွဲပြုလုပ်နေသူတို့လည်းရှိနေကြောင်း ဒေသခံတို့က ပြောသည်။

လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း အရေး‌ပေါ်အခြေအနေများ၊ ကျန်းမာရေးအခြေအနေများမှလွဲပြီး မြို့နယ်အတွင်းရှိပြည်သူများ ခရီးသွားလာခြင်းမပြုရန် ဒေသန္တရအမိန့်တစ်ခုကို အောက်တိုဘာလ ၁၇ ရက်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီစစ်ကြောင်းထိုးနေသဖြင့် ပြည်သူများထိခိုက်မှုနည်းစေရန် ဒေသန္တရအမိန့်ကို ထုတ်ပြန်ရခြင်းဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ စစ်ရေးသတိပေးချက်များကို လိုက်နာရန်လည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

သို့သော် မည်သည့်အချိန်ကထုတ်ပြန်ထားသည့် စစ်ရေးသတိပေးချက်ကို ဆိုလိုသည်ကိုမူ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အား မေးမြန်းမရသေးပေ။

လတ်တလော ဖြစ်ပွားနေသည့်ထိတွေ့တိုက်ပွဲများအတွင်း ဒေသခံ ၃ ဦးသေဆုံးပြီး ‌၄ ဦးဒဏ်ရာရရှိထားသည့်အပြင် ထွက်ပြေးတိမ်းရှောင်နေရသူများလည်း အများအပြားရှိနေသည်။