BREAKING
March 5, 2025

ထားဝယ်ဒေသက မိဘဘိုးဘွားများကို စပရိုက်လက်ဆောင်ပေးခိုင်းသည့်ငွေကျပ် ၁ဝသိန်းလိမ်လည်ခံရ

October 19, 2023

ပုံစာ - ဖော်လိုဝါ ခြောက်ရာကျော်သာရှိသော လိမ်လည်သွားသည့် ပေ့ချ် အတု။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မြို့ဟောင်းရွာက မိဘဘိုးဘွားများထံ စပရိုက်လက်ဆောင် ပေးခိုင်းသည့် ငွေကျပ် ၁၀ သိန်း အလိမ်ခံရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

မလေးရှားတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် သားသမီးမြေးများစုပေါင်းကာ မိဘဘိုးဘွားများကို စပရိုက် လက်ဆောင်ပေးရန် KK Gifts Shop& Group Service- Dawei-(KK) အမည်ဖြင့် Facebook စာမျက်နှာကို အလုပ်အပ်ခဲ့ပြီး ငွေကျပ် ၁၀ သိန်း အောက်တိုဘာလ ၁၁ရက်က လွှဲပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

အောက်တိုဘာလ ၁၈ ရက်တွင် မိဘဘိုးဘွားများကို စပရိုက်လက်ဆောင်ပေးရမည့်နေ့ဖြစ်ပြီး အောက်တိုဘာလ ၁၇ရက်က အထက်ပါ Page မက်ဆင်ဂျာမှ ဆက်သွယ်ရာ အဆက်အသွယ်ရသေးကြောင်း အဆိုပါမိသားစုဝင်က ပြောဆိုသည်။

အောက်တိုဘာလ ၁၈ရက် နံနက်တွင်မူ အဆိုပါ Page က အလုပ်အပ်နှံခဲ့သူ၏ Facebook အကောင့်ကို Block ထားချိန်မှသာ ငွေအလိမ်ခံလိုက်ရပြီဖြစ်သည်ကို သိရှိခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“စိတ်ထဲမှာတော့ စိတ်မကောင်းဘူးပေါ့။ ကိုယ့်မိဘ၊ ကိုယ့်အဘိုးအဘွားအတွက်ရည်စူးပြီး လုပ်ထားတာ။ အဘိုးတွေ အဘွားတွေကလည်း မျှော်နေတော့မယ်လေ။ လူကြီးကို စိတ်ခံစားရအောင်လုပ်သလိုဖြစ်သွားတာဆိုတော့ စိတ်မကောင်းဘူးပေါ့။ လွဲချော်သွားတာ စိတ်မကောင်းဘူး။ ပို့လိုက်တဲ့ ကလေးတွေကလည်း သူတို့ရတဲ့လစာ ဦးဦးဖျားဖျားနဲ့ လုပ်ပေးချင်လို့ လုပ်ပေးလိုက်တာပဲ သူတို့လည်းဘယ်လိုလုပ်စိတ်ကောင်းမလဲ” ဟု ၎င်းက ပြောသည်။

အဆိုပါစာမျက်နှာကို ပြန်လည်ရှာဖွေရာတွင် ဖော်လိုဝါ သုံးသိန်းကျော်ရှိသည့် KK Gifts Shop& Group Service- Dawei-(KK) စာမျက်နှာကိုသာ တွေ့ရကြောင်း အဆိုပါမိသားစုဝင်က ဆိုသည်။

၎င်းတို့ အလုပ်အပ်ခဲ့သည့် Facebook စာမျက်နှာမှာ ဖော်လိုဝါ ခြောက်ရာကျော်သာ ရှိသည် လုပ်ငန်းအတု ဖြစ်နေမှန်း အလိမ်ခံရပြီးမှသာ သိရှိခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

၎င်းတို့ုကို လိမ်လည်သွားသူတို့သည် Kpay အကောင့်အမည် အောင်မြတ်ခိုင်နှင့် Wave Pay အမည် ရဲမင်းစိုးတို့ဖြင့် အသုံးပြုပြီး အလုပ်လက်ခံသူမှာလည်း ထားဝယ်စကားဖြင့်ပြောဆိုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

KK Gifts Shop& Group Service- Dawei-(KK) လုပ်ငန်းကို တည်ထောင်ထားသည့် ကိုဝေယံမင်းရှိန်က ၎င်းတို့ လုပ်ငန်းအမည်ဖြင့် အမည်တူ Facebook စာမျက်နှာအတုများ ဖွင့်လှစ်ကာ လိမ်လည်မှုများလာကြောင်း ပြောသည်။

၎င်းတို့၏ Page တွင် တင်ထားသည့် Video နှင့် စာများကို Page အတုများတွင် ကူးယူဖော်ပြကာ လိမ်လည်နေသည်မှာ သုံးလေးလခန့်ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ဆီကို customer တွေလာပြောတဲ့ စကားအရဆိုရင် သိန်းတစ်ရာကျော်လောက်ရှိနေပြီ။ တစ်နေ့ကို အနည်းဆုံး လူတစ်ယောက်နှစ်ယောက်လောက် အလိမ်ခံနေရတယ်။ အလိမ်ခံရသူတွေက ငွေလွှဲပြီးမှ Block ခံရတဲ့ အချိန်မှ သိတာ” ဟု ကိုဝေယံမင်းရှိန်က ပြောဆိုသည်။

လိမ်လည်နေသည့် Page အတုထံ အလုပ်အပ်နှံပြီး၍ ငွေလွှဲပြီးနောက်တွင် အလုပ်အပ်နှံသူကို Block လိုက်ပြီး အလုပ် အပ်နှံထားသည့် Page ကို ပြန်လည်ရှာဖွေရာတွင် KK Page အစစ်ကိုသာ ရှာဖွေတွေ့သည်ဟု ဆိုသည်။

ထိုအခါ လိမ်လည်သွားသည့်ဖြစ်စဉ်နှင့် အလုပ်အပ်နှံထားသည့် အထောက်အထားများကို ပြသပြီး ကောင်းကောင်း မွန်မွန်လာရောက်ပြောဆိုသူများရှိသလို သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုသူတွေလည်းရှိကြောင်း ကိုဝေယံမင်းရှိန်က ပြောသည်။

Page အတုမှာ လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက လိမ်လည်နေခြင်းဖြစ်ပြီး Page တစ်ခုပြီးတစ်ခုဖွင့်ကာ လိမ်လည် နေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။