BREAKING
March 18, 2025

ဗဟိုဘဏ်ညွန်ကြားချက်ကို အသုံးချကာ ငွေလိမ်လည်မှုများ ပြုလုပ်လာ

October 19, 2022

အွန်လိုင်းငွေကြေးဝန်ဆောင်မှု ကုမ္ပဏီများနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော ဗဟိုဘဏ်ညွန်ကြားချက်ကို အသုံးချကာ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်မြို့ရှိ အွန်လိုင်းဈေးရောင်းချသူ အမျိုသမီးတစ်ဦးကို ယင်းနည်းလမ်းဖြင့် ငွေကြေးလိမ်လည်ရန် ကြိုးစားခဲ့သည့် ဖြစ်စဉ်အား လိမ်လည်ခံရသည့် အမျိုးသမီးက Dawei Watch ကို ယနေ့ (အောက်တိုဘာ ၁၉ )ပြောဆိုသည်။

K Pay၊ Wave Money စသည့် မိုဘိုင်းငွေကြေးသုံးစွဲသူများအနေဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက် မှန်ကန်စွာဖြည့်သွင်းမထားပါက အကောင့်ဖျက်သိမ်းမည်ဖြစ်ကြောင်း ဗဟိုဘဏ်က စက်တင်ဘာလ ၁၆ ရက်က ထုတ်ပြန်ထားသည်။

ငွေကြေးလိမ်လည်သူသည် အဆိုပါထုတ်ပြန်ချက်ကို အသုံးချကာ K Pay အဆင့်တိုးရန် ပြောဆိုခဲ့ပြီး ညွန်ကြားချက်အတိုင်း လိုက်မလုပ်ပါက ၂၄ နာရီအတွင်း K Pay အကောင့်ကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“သူတို့က Level မမြှင့်ဘူးဆိုရင် သမီးရဲ့K Pay အကောင့်ကို ဖျက်ပစ်မယ်ပြောတော့ ကြောက်သွားတာပေါ့” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကာယကံရှင် အမျိုးသမီးကပြောသည်။

လိမ်လည်ရန်ကြိုးစားသူက Facebook Massage မှတစ်ဆင့် ဆက်သွယ်လာပြီး K Pay အသုံးပြုသူဆိုပါက အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း ဆက်သွယ်ပြောဆိုလာခြင်းဖြစ်သည်။

ဆက်သွယ်ပြောဆိုလာသည့် အကောင့်မှာ KBZ ဘဏ်တံဆိပ်ဖြင့်ဖွင့်ထားသော အကောင့်တုဖြစ်ပြီး ဝန်ထမ်းကတ်ပြားပါ ပြသကာ ယုံကြည်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်။

ယင်းနောက် အဆင့်မြှင့်ပေးမည်ဆိုကာ အကောင့်အချက်အလက်များဖြစ်သော ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်တို့ကို တောင်းယူခဲ့ပြီးနောက်ဆုံးတွင် လုံခြုံရေးနံပါတ် ( Password) ပါတောင်းဆိုလာခြင်းဖြစ်သည်။

ကာယကံရှင်အမျိုးသမီးမှာ သံသယဝင်လာပြီး ကမ္ဘောဇ(ထားဝယ်ဘဏ်ခွဲ) သို့သွားရောက် အကူညီတောင်းခံခဲ့သဖြင့် ငွေလိမ်ခံရမည့်ဘေးမှ လွတ်ကင်းခဲ့သည်။

“ဘဏ်ကအစ်မတွေပြောပြတာက သူတို့ရုံးချုပ်ကဝန်ထမ်းတစ်ယောက် ဝန်ထမ်းကတ်ကျပြောက်သွားတာ အဲဒါနဲ့လိုက်လိမ်နေတာ အလိမ်ခံရတဲ့သူတောင် သုံးလေးယောက်ရှိပြီလို့ပြောတယ်” ဟု ၎င်းကဆိုသည်။

ငွေလိမ်သူသည် ဗဟိုဘဏ်ထုတ်ပြန်ချက် သတင်းစာဖြတ်ပိုင်းကိုပင် ပေးပို့ခဲ့သေးကြောင်း သိရသည်။

အဆိုပါ အွန်လိုင်းစျေးရောင်းသူ အမျိုးသမီးသည် KBZ Pay Call Center သို့  ဆက်သွယ်ခဲ့ဖူးပြီး ဖုန်းလက်ခံဖြေဆိုခြင်းမရှိသဖြင့် အဆက်အသွယ်မရရှိခဲ့ဘဲ တစ်လခန့်အကြာတွင် ငွေလိမ်မည့်သူများက ဆက်သွယ်လာခြင်းဖြစ်ကြောင်း သူမထံမှသိရသည်။