BREAKING
January 12, 2025

မေဃဝတီဆရာတော် ကိုဗစ်ပိုး ကူးစက်ခံရ၊ ကျန်းမာရေး ကောင်းမွန်

October 19, 2020

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ကျောင်းထိုင်နေသည့် မေဃဝတီ ဆရာတော်မှာ ကိုဗစ်ရောဂါကူးစက်ခံ ရပြီး ရန်ကုန်အနောက်ပိုင်းခရိုင် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ဆရာတော်မှာ ထားဝယ်သားဖြစ်သည့်အပြင် စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။

လောင်းလုံးမြို့နယ်၊ သဝင်ကျေးရွာမှ ကိုဗစ်ပိုးတွေ့လူနာများ ရန်ကုန် တွင် ဆေးကုသမှုခံယူစဉ်က မေဃဝတီ ကျောင်းတိုက်တွင် ခဏတာ တည်းခိုနေ ထိုင်ခဲ့ဖူးသည်။

သဝင်ကျေးရွာသားများ ရွာပြန်သွားပြီး များမကြာခင် ဆရာတော်မှာ နေထိုင်မကောင်းဖြစ်လာသဖြင့် အာရှ တော်ဝင်ဆေးရုံသို့ ပြသခဲ့သည်။

ယင်းနောက် ကိုဗစ်ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး အောက်တိုဘာလ ၁၃ ရက်တွင် ရန်ကုန်အနောက်ပိုင်းခရိုင် ဆေးရုံသို့ ပြောင်းလဲဆေးကုသမှုခံယူနေခြင်း ဖြစ်သည်။

အောက်တိုဘာလ ၁၆ ရက်က ဆရာတော်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ ကျန်းမာရေးကောင်းမွန်နေကြောင်း မိန့်ကြားခဲ့သည်။

“ကျန်းမာရေးကောင်းပါတယ်။ ဖျားလည်းမဖျားတော့ဘူး။ ခေါင်းလည်း မကိုက်တော့ဘူး။ အစားအသောက်ဝင်ဖို့နဲ့ နည်းနည်းအိပ်ပျော်ဖို့ပဲလိုတယ်” ဟု ဆရာတော်ကိုယ်တိုင်က မိန့်ကြားသည်။

ဆရာတော်သည် သက်တော် ၈၅ နှစ်အရွယ်ရှိပြီဖြစ်သည်။

“ထားဝယ်ရေးရာမှတ်တမ်းပဒေသာ” အတွဲလေးတွဲကို ရတနာ(ထားဝယ်) ကလောင်အမည်ဖြင့် ရေးသားခဲ့သလို ထားဝယ်လူမျိုး စုစည်းမှုကော်မတီ (ဗဟို) ၏ နာယကဆရာတော်လည်း ဖြစ်သည်။

ဆရာတော်သည် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာ ဇာတိ ဖြစ်သည်။ သဗျာကျေးရွာရှိ နတ်ရေရ တနာကျောင်းကို တည်ထောင်ခဲ့သည်။ ယင်းကျောင်းတိုက်အမည်ကို အကြောင်း ပြုပြီး ရတနာ(ထားဝယ်)ဆိုသည့် ကလောင်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

ဆရာတော်အား လောင်းလုံးမြို့နယ် ဝေဒီကျေးရွာဇာတိ သံဃာတော် တစ်ပါးက အနီးကပ်ပြုစုပေးလျက်ရှိသည်။