BREAKING
September 19, 2024

မီးလောင်အော်ရွာတွင် အိမ် ၃၀ကျော် မီးရှို့ခံရ၊ ပြာပုံထဲတွင် စစ်ဘေးရှောင်အမျိုးသမီးအလောင်းတွေ့

September 19, 2024

ပုံစာ - မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မီးလောင်အော်ရွာက နေအိမ်များ။

ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ မီးလောင်အော်ကျေးရွာတွင် နေအိမ် ၃၁ လုံး မီးရှို့ခံရပြီး စစ်ဘေးရှောင် အမျိုးသမီးကြီး တစ်ဦး မီးလောင်သေဆုံးကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းအရင်းအမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။

မီးလောင်အော်ရွာသည် ပင်လယ်ရွာငယ် တစ်ရွာဖြစ်ပြီး အိမ်ခြေ ၆၀ ကျော်ရှိကာ အိမ်အများစုမှာ ဓနိမိုး၊ ဝါးထရံကာထားသည့် နေအိမ်များဖြစ်သည်။

စက်တင်ဘာလ ၁၈ ရက်က ရှပ်ပုံရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး မဟာမိတ်ပူးပေါင်း တပ်တို့ ထိတွေ့တိုက်ပွဲ သုံးကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး အရပ်သားနေအိမ် သုံးလုံးကို စစ်တပ်က မီးရှို့ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ယင်းနောက် စက်တင်ဘာ ၁၉ ရက် နံနက် ၄ နာရီ အာရုံမတက်မီအချိန်တွင်လည်း မီးလောင်အော်ရွာက နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

မီးလောင်ကျွမ်းသည့် နေအိမ်အပျက်အစီး ပြာပုံထဲတွင် အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး မီးလောင်ကျွမ်းသေဆုံးနေသည်ကို တွေ့ရကြောင်း ရှပ်ပုံကျေးရွာအုပ်စုက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အဲဒီအဒေါ်ကြီးက တခြားရွာကနေ မီးလောင်အော်ရွာမှာ စစ်ဘေးလာရှောင်နေတာ။ မီးရှို့တဲ့အချိန်က မနက်အာရုံမတက်မီ လူတွေအိပ်နေတဲ့အချိန် မီးရှို့ခံရတာ။ အဲ့ဒီအဒေါ်ကြီးက အသက်ကြီးနေပြီ။ ကျန်းမာရေးလည်း သိပ်မကောင်းဘူးလို့ ပြောတယ်။ အဲဒီတော့ မီးထဲပါသွားတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

မီးလောင်အော်ရွာကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တပ်ရင်း (၇) တပ်ခွဲ(၅) တပ်ခွဲမှူးက စောဗဟုတို့က ပြောသည်။

“သက်သက်မဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ မီးရှို့ပြီးတော့ တစ်ရွာလုံးကို ပြာကျအောင်လုပ်သွားတာ” ဟု စောဗဟုက ပြောသည်။

ရှပ်ပုံကျေးရွာ စံပြရပ်ကွက်တွင် နေအိမ် သုံးလုံး၊ မီးလောင်အော်တွင် ၃၁ လုံး မီးရှို့ခံရကြောင်း ပုလောမြို့နယ်အတွင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကလည်း ပြောသည်။

မြိတ်ခရိုင်အမှတ်(၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးကမူ လက်ရှိအချိန်တွင် နယ်မြေရှင်းလင်းနေဆဲဖြစ်ပြီး နေအိမ် မီးရှို့ခံရသည့် အိမ်အရေအတွက် ထပ်တိုးနိုင်သဖြင့် စက်တင်ဘာလ ၂၀ ရက်နေ့တွင်သာ သတင်းထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

စက်တင်ဘာလ ၁၄ ရက်တွင် ၅ မိုင်ရွာက အရပ်သား‌နေအိမ် ကိုးလုံး၊ ၁၆ ရက်တွင် ဖော့ရွာက နေအိမ် တစ်လုံး၊ ၁၈ ရက်တွင် ရှပ်ပုံရွာက နေအိမ်သုံးလုံး၊ ၁၉ ရက်တွင် မီးလောင်အော်ရွာက နေအိမ် ၃၁ လုံးကို စစ်တပ်က မီးရှို့ခဲ့ကြောင်း ဒေသခံအချို့နှင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ KNDO တပ်ရင်း (၇) တပ်ခွဲ(၅)က စောဗဟုတို့က ပြောသည်။

စက်တင်ဘာလ ၁၁ ရက်မှ ၁၈ ရက်နေ့အထိ လယ်ဖက်ရွာ၊ ၅ မိုင်ရွာ၊ ၆ မိုင်ရွာ၊ ဖော့ရွာ၊ ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း စောဗဟုက ဆိုသည်။